Skip to main content

အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဒုတိယနေ့ ဆက်လက်ကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ   ၂၂

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် ၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိသည်။

ညီလာခံဒုတိယနေ့နံနက်ပိုင်း အစီအစဉ်()တွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ဆေးသုတေသနဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းတို့က လည်းကောင်း၊ ယနေ့နံနက်ပိုင်း အစီအစဉ်နှင့် တစ်ပြိုင်နက် ကျင်းပသည့် (Parallel Session) တွင် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် ဆေးတက္ကသိုလ် () ရန်ကုန် ပါမောက္ခ/ဌာနမှူး (ဟော်မုန်းဗေဒ) ပါမောက္ခဒေါက်တာ မိုးဝင့်အောင်တို့က လည်းကောင်း၊ ဆက်လက်ကျင်းပသည့်နံနက်ပိုင်း အစီအစဉ်များနှင့် ညနေပိုင်း  အစီအစဉ်များတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း သဘာပတိများအဖြစ် ဆောင်ရွက်ကြသည်။

ညီလာခံ ဒုတိယနေ့တွင် အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ လူမှုရေးနှင့် ကျန်းမာရေးစနစ် သုတေသနစာတမ်း စုစုပေါင်း ၄၀ ကို ဖတ်ကြားတင်ပြခဲ့ရာ စာတမ်းများ တင်သွင်းဖတ်ကြားခြင်းကို ဗီဒီယိုကွန်ဖရင့်စနစ် နည်းလမ်းဖြင့် တစ်ဦးလျှင် ၁၅ မိနစ်ကြာ တင်ပြကြသည်။ စာတမ်းနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်း သူများကလည်း ဗီဒီယိုကွန်ဖရင့်  စနစ်တွင်ပါရှိသည့်သတ်မှတ်နေရာ (chat box) မှတစ်ဆင့် မေးမြန်းဆွေးနွေးကြပြီး စာတမ်းရှင်များ က ပြန်လည်ဖြေကြားပေးခဲ့သည်။

ညီလာခံ၏ အင်တာနက် စာမျက်နှာဖြစ်သည့် (https:// conference.myanmardmr.org) တွင် သုတေသနပိုစတာများကို အီလက်ထရောနစ်ပိုစတာအဖြစ် ပြသထားသည်။ သို့ဖြစ်ပါ၍အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို တက်ရောက်လိုသူများအနေဖြင့် အဆိုပါညီလာခံ၏ အင်တာနက်စာမျက်နှာတွင်  အခမဲ့စာရင်းပေးသွင်း၍ မှတ်ပုံတင်ခြင်းပြုလုပ်ကာ ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် ညီလာခံကို ဖေဖော်ဝါရီ ၂၅ ရက်အထိ  ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်