နေပြည်တော် ဖေဖော်ဝါရီ ၂၂
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ Jean Phang နော်တောင်နှင့် စောဒန်နီယယ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေး ကြသည်။
ယနေ့ ဗိုလ်လုပွဲစဉ်ပြိုင်ပွဲများအဖြစ် တစ်ဦးချင်း အေရိုးဗစ်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ငါးဦးတွဲ အေရိုးဗစ်ပြိုင်ပွဲ နှစ်သိမ့်ဆုများ ရရှိသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ကို မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် အမှုဆောင် ဒေါ်ဂျနီဖာတင်လေးက လည်းကောင်း၊ သုံးဦးတွဲ အေရိုးဗစ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုများ ရရှိသည့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ကို မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အေးအေးရွှေ က လည်းကောင်း၊ တစ်ဦးချင်း အေရိုးဗစ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကို မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်း ကလည်းကောင်း၊ ငါးဦးတွဲ အေရိုးဗစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အသင်းများကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ သုံးဦးတွဲအေရိုးဗစ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် အသင်းများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် က လည်းကောင်းတစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တစ်ဦးချင်း အေရိုးဗစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်မှ မဇမီတန်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jean Phang နော်တောင် ကလည်းကောင်း၊ ဒုတိယနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်မှ မအေးအေးစိုးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ မရတနာလင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီ ယယ်ကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ကြသည်။
တံခွန်စိုက်ဒိုင်းဆု ပေးအပ်
ထို့နောက် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် ကချင်ပြည်နယ်အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် က တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်သည်။
၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်