Skip to main content

အဆင့်မြင့်မင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းမှ ဈေးဆိုင်ခန်းများ ဇွန်လကုန်ပိုင်းတွင် ပြီးစီးမည်

ရန်ကုန်  ဖေဖော်ဝါရီ  ၁၉

ရန်ကုန်မြို့ အဆင့်မြင့်လက်ကားဈေးကြီး ဖြစ်သော အဆင့်မြင့်မင်္ဂလာဈေးသစ် တည်ဆောက် ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြေအောက်ထပ်အပါအဝင် မြေညီထပ်မှ အထပ်မြင့် လေးထပ်အထိဖြစ်သော ယခင်မင်္ဂလာဈေးဟောင်းမှ ဈေးသူဈေးသားများ ဖွင့်လှစ်ရောင်းချခဲ့သည့် ဆိုင်ခန်းများမှာလာမည့် ဇွန်လကုန်ပိုင်းတွင် ဆောက်လုပ်ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

ငွေကျပ် ၆၈ ဘီလီယံ

အဆိုပါ အဆင့်မြင့်မင်္ဂလာဈေးသစ်တည်ဆောက် ရေးစီမံကိန်းအတွက် ငွေကျပ် ၆၈ ဘီလီယံ အကုန် အကျခံ တည်ဆောက်နေခြင်းဖြစ်သည်။ ဈေးသစ် တည်ဆောက်သည့် စီမံကိန်းဧရိယာအတွင်း မြေအောက်ထပ် အဆင့်မြင့်မင်္ဂလာဈေးသစ်မှ နှစ်ထပ်အပါအဝင် အထပ်မြင့် ၁၅ ထပ်ရှိသည့် ဈေးသစ် အဆောက်အအုံကို ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်နေရာချထားပေး

ဈေးသစ်တည်ဆောက်ရေး လုပ်ငန်းဖြစ်သည့် မြေညီထပ်နေရာ၌ ဘဏ်များ၊ စားသောက် ဆိုင်များနှင့် အဆင့်မြင့်စူပါ မားကတ်ကိုပါ ထည့်သွင်း ဆောက်လုပ်သွားမည်ဖြစ်ပြီး မြေအောက်ထပ် နှစ်ထပ်အပါအဝင် အထပ်မြင့် ခြောက်ထပ်မှ ၁၃ ထပ်  အထိကို ယာဉ်အစီးရေ ၇၀၀ ကျော်ရပ်နားနိုင်မည့် ယာဉ်ရပ်နားရာ ကားပါကင်နေရာ ပါဝင်တည်ဆောက်သွားမည်ဖြစ်သည်။ အထပ်မြင့် ကိုးထပ်နှင့် ၁၀ ထပ်တွင် ဆိုင်ခန်းများနှင့် ကုန်လှောင်ရုံများပါဝင်မည်ဖြစ်၍ အထပ်မြင့် ၁၁ ထပ်မှ ၁၃ ထပ်အထိကို ရုံးခန်းများ ထည့်သွင်းပါဝင်ဆောက်လုပ် မည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းအတွင်းရှိ ဆောက်လုပ် ရေးကုမ္ပဏီမှ ရရှိမည့် အထပ်မြင့် ငါးထပ်မှရှစ်ထပ်အထိကိုဆိုင်ခန်း ပေါင်း ၁၀၀၀ ကျော် ထည့်သွင်း ဆောက်လုပ်မည်ဖြစ်ပြီး မြေညီထပ်မှ အထပ်မြင့် လေးထပ်အထိ  ကို ယခင်မင်္ဂလာဈေးမီးလောင်မှုကြောင့် ဈေးအတွင်းဆိုင်ခန်းများ ငှားရမ်းကာ ရောင်းချနေကြသည့် ဈေးသူ၊ ဈေးသားများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ဆိုင်ခန်းနေရာများ စီမံခန့်ခွဲကာ ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ စီမံကိန်းလုပ်ငန်းခွင် ရှိ တည်ဆောက်ရေးလုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်ပြီးစီးနိုင် ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြင့် ကာ ဆက်လက်ဆောင်ရွက်လျက် ရှိပြီး မြေအောက်ထပ်အပါအဝင် မြေညီထပ်မှ အထပ်မြင့် လေးထပ်အထိကို ဇွန်လကုန်ပိုင်းတွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်၍ လာမည့်သြဂုတ်လကုန်ပိုင်း ၌ ဈေးဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချ လည်ပတ်နိုင်စေရန် လျာထားကြောင်း၊ ထို့ပြင် အဆင့် မြင့်မင်္ဂလာဈေးသစ်တည်ဆောက် ရေးလုပ်ငန်းရှိ အဆောက်အအုံ တစ်ခုလုံးအား လာမည့်အောက်တို ဘာလကုန်ပိုင်း၌ ဆောက်လုပ် ပြီးစီးနိုင်ရန် လျာထားကြောင်း အဆင့်မြင့် မင်္ဂလာဈေးသစ် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။

သတင်း - ပွင့်သစ္စာ

ဓာတ်ပုံ - စိုးမြင့်အောင်