မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ် သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့် မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မျိုးစေ့ပြပွဲ ၂၀၂၂ ကို နေပြည်တော်ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း၌ ကျင်းပလျက်ရှိသည်။
ထိုသို့ ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပသည့်ပြပွဲသို့ မြန်မာနိုင်ငံ မျိုးစေ့အသင်းနှင့် မျိုးစေ့ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတောင်သူ များ၊ စိုက်ပျိုးရေးဝါသနာရှင်များနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တစ်ခဲနက်လာရောက် လေ့လာလျက်ရှိရာ ပြပွဲကျင်းပပေးမှုနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များကို တင်ပြလိုက်ရပါသည်။
မောင်သန်းထိုက်ဝေ (ဒုတိယနှစ်၊ စိုက်ပျိုးရေးသိပ္ပံ)
ဒီပြပွဲကို မျိုးစေ့ကုမ္ပဏီတွေ လာရောက်ပြသကြပါတယ်။ ဒီလိုပြသပေးတဲ့အတွက် အရည်အသွေးကောင်းတဲ့ မျိုးစေ့တွေကို လေ့လာခွင့်ရတဲ့အပြင် စိုက်နည်းစနစ် အသစ်တွေကိုလည်း တွေ့မြင်ရပါတယ်။ နောက်ပြီး တောင်သူတွေအနေနဲ့လည်း မျိုးကောင်းမျိုးသန့် မျိုးစေ့တွေကို လေ့လာခွင့်ရတဲ့အတွက် သီးနှံတွေရဲ့ အရည်အသွေးကို သိရှိသွားမယ့်အပြင် သီးနှံတွေရဲ့ စိုက်နည်းစနစ် တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားပါမယ်။ ကျွန်တော့်အနေနဲ့လည်း အရင်က မမြင်ဖူးခဲ့တဲ့ သီးနှံမျိုးစေ့တွေကို လေ့လာခွင့်ရပါတယ်။ ကျွန်တော်က စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားဖြစ်တဲ့ အတွက် အခုလို လက်တွေ့လေ့လာရတဲ့ အပေါ်မှာ နိုင်ငံတော်အတွက် ပိုမိုကောင်းမွန်တဲ့ မျိုးစေ့တွေရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရည်မှန်း ထားပါတယ်။"
ဒေါ်သီတာဦး (ဒါရိုက်တာ၊ ချမ်းမြေ့ဇေယျာကုမ္ပဏီ)
ကျွန်မအနေနဲ့ ကုမ္ပဏီမှာ မျိုးစေ့၊ မြေဆီနဲ့ ဆေးဝါးတွေအပိုင်းကို တာဝန်ယူ ထားပါတယ်။ ဒီပြပွဲကို လာရောက်ရတဲ့ ရည်ရွယ်ချက်က ကျွန်မတို့ကုမ္ပဏီ အနေနဲ့ မျိုးကောင်းမျိုးသန့် ကိုးမျိုးကို မှတ်ပုံတင်ထားတယ်။ ဒီမျိုးကောင်း မျိုးသန့် ကိုးမျိုးကလည်း ဈေးကွက် ရှိပြီးသား နိုင်ငံခြားကပို့တဲ့ ဆန်အမျိုး အစားတွေ ဖြစ်ပါတယ်။ တောင်သူတွေကို ပြောချင်တာကတော့ တောင်သူတွေ အနေနဲ့ ဒေသစပါးကို စိုက်လိုက်တယ်။ အချိန်တန်ရင် ငါးသိန်းရမလား၊ နောက် သိန်းရမလား မသိဘူး။ အစ်မတို့စပါးကို စိုက်လိုက်လို့ တင်း ၁၀၀ ထွက်တယ်ဆိုရင် သွင်းအားစုလေးသိန်းဆိုရင် တောင်သူတွေအတွက် ခြောက်သိန်းကျန်မယ်။ ၁၀ ဧကစိုက်ရင် ငွေသိန်း ၆၀ ကျန်မယ်။ အဓိကဆိုလိုချင်တာက တောင်သူအရွေ့တစ်ခုကို ရောက်စေချင်တယ်။ အစ်မတို့ကုမ္ပဏီ အတွက်ရော၊ နိုင်ငံတော်အတွက်ရော၊ တောင်သူအတွက်ရော အရွေ့တစ်ခုကို ရောက်စေ ချင်တဲ့အတွက် ပြပွဲကို လာရောက်ခြင်း ဖြစ်ပါတယ်။
ကိုမြင့်အေး (ပြပွဲသို့လာရောက်လေ့လာ သည့် တောင်သူ)
ကျွန်တော်ကတော့ စပါးကို အဓိက ထား စိုက်ပျိုးပါတယ်။ အရင်ကတော့ မတ်ပဲစိုက်ပါတယ်။ အခုနောက်ပိုင်း မတ်ပဲအပင်တွေ သေတာများလာလို့ မစိုက်တော့တာပါ။ ဒီပွဲမှာ မျိုးစေ့တွေ ကတော့ မျိုးစုံတွေ့ရပါတယ်။ မျိုးကောင်းမျိုးသန့်တွေပါပဲ။ ဆန်စပါး၊ ဟင်းသီးဟင်းရွက်တွေ မျိုးစုံတွေ့ရပါတယ်။ ဒါပေမယ့်အဓိကလေ့လာဖြစ်တာကတော့ စပါးကို လေ့လာဖြစ်ပါတယ်။ အရင်တုန်းကတော့ မျိုးကောင်းမျိုးသန့်တွေ မသုံးဖြစ်ပါဘူး။ အခုနောက်ပိုင်း ရေဆင်း စိုက်ပျိုးရေးဘက်က မျိုးကောင်းမျိုးသန့်တွေ ဝယ်ပြီးစိုက်တော့ အထွက်နှုန်း သိသိသာသာ တက်လာပါတယ်။ မျိုးစေ့အတွက်ကတော့ စိုက်ပျိုးရေးဦးစီးဌာနရဲ့ အကူအညီယူရပါတယ်။ ဒီပွဲလာရတဲ့ ရည်ရွယ်ချက်က တောင်သူတစ်ယောက် အနေနဲ့ မမြင်ဖူးတဲ့သီးနှံတွေကို မြင်ဖူး ချင်တာလည်း ပါပါတယ်။ မျိုးစေ့ဆိုရင်လည်း ကျွန်တော်တို့ သုံးနေတဲ့မျိုးတွေထက် ကောင်းတဲ့ မျိုးကောင်း မျိုးသန့်တွေ၊ သုံးနေကျ မျိုးစေ့မဟုတ်ဘဲ တခြားမျိုးစေ့တွေ စိုက်ပျိုးရင် အဆင်ပြေနိုင်မယ် ဆိုရင်လည်း စိုက်ကြည့်မယ်ဆိုပြီး လာရောက်လေ့လာဖြစ်တာပါ။
ဒီလိုပြပွဲမျိုး ကျင်းပပေးတာ ကျွန်တော်တို့လို တောင်သူတွေအတွက် သိပ်ကောင်းတဲ့ အစီအစဉ်တစ်ခုဖြစ်ပါ တယ်။ တစ်နေရာတည်းမှာ အခုလိုမျိုး စုံစုံလင်လင်မြင်ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီပွဲက ကျွန်တော်တို့လို တောင်သူတွေအတွက် ရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုးစေ့တွေ လေ့လာခွင့်ရနိုင်တာဆိုတော့ ဗဟုသုတတွေ၊ အကျိုးကျေးဇူးတွေ များစွာရရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့လို တောင်သူတွေ မျိုးကောင်းမျိုးသန့်တွေ၊ ကိုယ့်ဒေသနဲ့ ကိုက်ညီမယ့် တခြား မျိုးစေ့တွေကို လာရောက်လေ့လာဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။
ဦးသန်းထိုက် (TBL Limited)
ကျွန်တော့်ကုမ္ပဏီက မျိုးစေ့တွေကို ဖြန့်ဖြူးထုတ်လုပ်ခဲ့တာ နှစ် ၂၀ လောက် ရှိပါပြီ။ ပထမဆုံး စခဲ့တာကတော့ ဝါမျိုးစေ့နဲ့ စခဲ့တာဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်က တောင်သူတွေရဲ့ အခက်အခဲတွေ၊ သီးနှံနဲ့ပတ်သက်တဲ့ ရောဂါဒဏ်တွေကို ဖြေရှင်းပေးဖို့အတွက် မျိုးတွေကို ဖော်ထုတ်တာဖြစ်ပါတယ်။ တောင်သူတွေကို အကြံပြုချင်တာကတော့ တောင်သူတွေအနေနဲ့ မျိုးဝယ်တဲ့နေရာမှာ အတော်စဉ်းစားပြီး ဝယ်ကြတယ်။ ပုံမှန်စိုက်နေကျဆို ငွေသိပ်မကုန်ဘူး။ ကုမ္ပဏီကဝယ်ရတဲ့မျိုးကျ ငွေနည်းနည်းပိုကုန်တယ်ဆိုပြီး စဉ်းစားကြတယ်။ အထွက်နှုန်းကျ ကုမ္ပဏီမျိုးစေ့နဲ့ ကွာသွားတယ်။ ဒီပြဿနာကို ရှင်းနိုင်မယ့်နည်းက တောင်သူတွေကို ချေးငွေ ပေးတဲ့နေရာမှာ အစိုးရအနေနဲ့ မှတ်ပုံတင်ထားတဲ့မျိုးတွေကို တောင်သူတွေဝယ်ပြီး စိုက်ရင် ချေးငွေကို နည်းနည်းတိုးပေး လိုက်ရင် အဆင်ပြေမယ်။ ဒီလိုမျိုးတွေ လုပ်ပေးရင် တောင်သူတွေ မျိုးကောင်းတွေ သုံးတတ်တဲ့အကျင့် ဖြစ်လာမယ်။ နိုင်ငံတော်အတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရမယ်။ ဒါကြောင့် တောင်သူတွေရဲ့ လိုအပ်ချက်လေးတွေကို နည်းမျိုးစုံနဲ့ ဖြည့်ဆည်းပေးဖို့ ဒီပြပွဲကို လာရောက်ရခြင်းဖြစ်ပါတယ်။
မစုစုခိုင်
(ဒုတိယနှစ်၊ စိုက်ပျိုးရေးသိပ္ပံ)
ဒီပြပွဲမှာ သီးနှံအမျိုးမျိုးကိုလည်း တွေ့နိုင်တယ်။ ဘယ်သီးနှံက အရည်အသွေးကောင်းပြီး ဘယ်သီးနှံက ဈေးကွက်ဝင်တယ်ဆိုတာ သိနိုင်တယ်။ စိုက်ပျိုးရမယ့် သီးနှံတွေရဲ့ မြေအနေ အထားတွေကိုလည်း လေ့လာခွင့်ရပါ တယ်။ တောင်သူတွေအနေနဲ့လည်း ဘယ်လိုသီးနှံမျိုးစေ့ကို စိုက်ရင်အထွက်နှုန်း ကောင်းမွန်မယ်ဆိုတာကိုလည်း လေ့လာခွင့်ရမှာဖြစ်ပါတယ်။ လေ့လာ ခြင်းဆိုတာက ကောင်းတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သီးနှံပြပွဲကို စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအထူးလာရောက်လေ့လာ သင့်တယ်။ နောက်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ အတွက်မျိုးစေ့ပြပွဲကိုလူတိုင်းလာရောက် လေ့လာသင့်ပါတယ်။
တွေ့ဆုံမေးမြန်း - ခေတ်လူငယ်
ဓာတ်ပုံ - ကိုကိုထိန်