နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှကြီးမှူးကျင်းပ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လှူဒါန်းပူဇော်သည့် (၃၅) ကြိမ်မြောက် ဓမ္မာစရိယ ပါဠိပထမပြန်နိကာယ် မဟာဘွဲ့နှင်းသဘင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံ မြို့နယ်၊ မဟာအတုလ ဝေယန်(အတုမရှိ) ကျောင်းတော်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူး ပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တ အင်္ကုရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဗန်းမော်ဆရာတော်ကြီးထံမှ သံမ္မောဒနီယ သာရဏီယ သြဝါဒကထာ နာယူကြည်ညိုကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးထွန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သာသနာရေး ဆိုင်ရာများ လျှောက်ထား တင်ပြကြသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများမှ ဘွဲ့နှင်းနာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဓမ္မာစရိယ ပထမပြန်၊ နိကာယ်စာမေးပွဲအောင် သံဃာများနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ချမ်းအေးသာစံမြို့နယ်၊ ဝါးတန်းကျောင်း မိုးကောင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာစာရာဘိဝံသထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗန်းမော် ဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယနေ့ပြုလုပ်သော (၃၅)ကြိမ်မြောက် ဓမ္မာစရိယ ပါဠိပထမပြန်နိကာယ် မဟာဘွဲ့နှင်းသဘင် မင်္ဂလာအခမ်းအနားတွင် ဓမ္မာစရိယ စာမေးပွဲအထူးအောင် သံဃာတော်(၃)ပါး၊ သီလရှင်(၁)ပါး၊ ပါဠိ ပထမပြန်စာမေးပွဲအထူးအောင် သံဃာတော်(၁၂)ပါး၊ သီလရှင်(၄)ပါး၊ ဓမ္မာစရိယ ပါဠိဂုဏ်ထူးအောင် သံဃာ(၁)ပါး၊ ဓမ္မာစရိယမြန်မာဂုဏ်ထူးအောင်သံဃာ(၄)ပါး၊ သီလရှင် (၁)ပါး၊ နိကာယ်စာမေးပွဲ မဟာဝိဒူ တန်းအောင်သံဃာ(၆)ပါး၊ နိကာယ် စာမေးပွဲ အထူးအောင် သံဃာ(၁၂)ပါး၊ သီလရှင်(၂)ပါး၊ စုစုပေါင်း သံဃာ(၃၈)ပါးနှင့် သီလရှင် (၈)ပါးတို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။