နေပြည်တော် ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ်၊ သထုံမြို့ရှိ မြို့မဈေးတွင် ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက ဈေးအတွင်း၌ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဈေးခေါင်းရုံး အပါအဝင် ဈေးဆိုင်ခန်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးရောင်း/ဈေးဝယ်လာသူ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သထုံမြို့ရှိ မြို့မဈေးအတွင်းသို့ ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက TNT ယမ်းပြင်းဖြင့် ပြုလုပ်ထားသည် လက်လုပ်ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲမှု ကြောင့် ဈေးအတွင်း၌ ဈေးရောင်း/ဈေးဝယ်ပြုလုပ်နေကြသည့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၉ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲမှုကြောင့် ဈေးခေါင်းရုံး အပါအဝင် ဈေးဆိုင်ခန်း အများအပြားပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက သထုံခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။