Skip to main content

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုပန်းတိုင်(၁၄)ဖြစ်သည့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာနှင့်ရင်ပေါင်တန်း လက်တွဲ ပူးပေါင်းဆောင်ရွက်နေ

နေပြည်တော် ဖေဖော်ဝါရီ ၁၆

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဦးခင်မောင်ရီ၊ ဒုတိယ ဝန်ကြီး ဦးစန်းလွင်နှင့် ဦးမင်းမင်းဦး၊ စစ်ဦးစီးဗိုလ်မှူးချုပ်(ရေ)၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တို်ငးဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံ၏သဘာဝသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို  အမျိုးသား ရေးလုပ်ငန်း တာဝန်တစ်ရပ်အဖြစ် နိုင်ငံတော်အစိုးရအနေဖြင့်အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံ၏ကမ်းရိုးတန်းနှင့် ဒီရေတောကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင် ရွက်နိုင်ရေးကို  ရှေးရှု၍  ၂၀၂၁ ခုနှစ်၊ ဧပြီ (၂) ရက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအမိန့် ကြော်ငြာစာအမှတ် (၉၅/၂၀၂၁)ဖြင့် “နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ”ကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင်  အမိန့်ကြော်ငြာစာအမှတ် (၃၀၆/၂၀၂၁)ဖြင့် အဖွဲ့ဝင်(၂၁)ဦးပါ ဗဟိုကော်မတီကိုထပ်မံ ပြင်ဆင်ဖွဲ့စည်းပေးကာ လုပ်ငန်းတာဝန်(၁၀)ရပ်တာဝန် ပေးအပ် ခဲ့ကြောင်း။

ဆုံးဖြတ်ချက်(၁၁)ရပ်ချမှတ်

၂၀၂၁ ခုနှစ် ဇွန်လ ၉ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်ဦး ရွက်ပြုမှုဖြင့် “နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ကော်မတီ (ပထမ အကြိမ်) အစည်းအဝေး”ကိုကျင်းပခဲ့ရာ ကော်မတီဝင်များ၏ တင်ပြ ဆွေးနွေးချက် များကို အခြေပြု၍ ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်ခြင်း ဆိုင်ရာ ဆက်လက် ဆောင်ရွက်ရမည့် အစည်းအဝေးဆုံးဖြတ်ချက်(၁၁)ရပ်ကို ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း။

ဗဟိုကော်မတီအစည်းအဝေးများကို တစ်နှစ်လျှင်(၂)ကြိမ် ကျင်းပရန် လျာထားချက်နှင့် အညီ ယနေ့ကျင်းပသည့် ဗဟိုကော်မတီ (ဒုတိယအကြိမ်)အစည်းအဝေးတွင် ဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေး ဆုံးဖြတ်ချက် (၁၁)ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက် တိုးတက်မှု အခြေအနေများကို ကော်မတီဝင်များအနေဖြင့် တင်ပြပေးနိုင်ရေးနှင့် ပင်လယ် ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်နိုင်ရေးအတွက်  ရှေ့လုပ်ငန်းစဉ်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်း သယံဇာတများသည် နိုင်ငံရေရှည် ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများစွာဖန်တီးပေးနိုင်သော သဘာဝသယံ ဇာတများ အဖြစ်ရှုမြင်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရေး စီမံအုပ်ချုပ်ရန် ရည်မှန်း ထားရှိကြောင်း။ ပင်လယ်ကမ်းရိုးတန်းသယံဇာတများကို ကဏ္ဍစုံ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်ရန်၊ လက်ရှိနှင့်အနာဂတ်အတွက် ရေရှည်အသုံးပြုနိုင်ရေးကို အထောက်အကူပြုနိုင်ရေး နှင့် နောင်မျိုးဆက်များအတွက် သယံဇာတများ ရေရှည် တည်တံ့အသုံးပြု နိုင်ရေးစသည့် အခြေခံ ရည်ရွယ်ချက်များရရှိအောင် စီမံအုပ်ချုပ်သွားရမည်ဖြစ်ကြောင်း။

မြန်မာ့ပင်လယ်ကမ်းရိုးတန်းသယံဇာတများသည် ကဏ္ဍစုံ၊ ဌာနစုံ၏ရည်ရွယ်ချက်၊ ရည်မှန်း ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံရေရှည်ဖွံ့ဖြိုးရေးအတွက် အထောက် အပံ့ပြုစေမည့် ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု စနစ်တစ်ရပ်ဖွံ့ဖြိုးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ များကို ဖွဲ့စည်း ဆောင်ရွက် ခဲ့ကြောင်း။

ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်(၁၀)ရပ်အနက် လုပ်ငန်းတာဝန်(ဂ)တွင် “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုအစီအစဉ် (Integrated Coastal Management Programme - ICM) တစ်ရပ်ရေးဆွဲချမှတ်ရန်နှင့် အဆိုပါအစီအစဉ်ပေါ် အခြေခံ၍ ဒေသအလိုက် စီမံချက်များရေးဆွဲ အကောင်အထည်ဖော် နိုင်ရေးအတွက် လမ်းညွှန်ကြီးကြပ်မှု ပေးရန်” တာဝန်ပေးအပ်ထားကြောင်း။ ၂၀၂၁ ဇွန်လ ၉ ရက်က ကျင်းပ ခဲ့သည့် ဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေးဆုံးဖြတ်ချက်(ခ)တွင်လည်း “ကမ်းရိုးတန်း သယံဇာတ ဘက်စုံ စီမံအုပ်ချုပ်ခြင်း (ICM) အကောင်အထည် ဖော်ဆောင်ရေးအတွက် ဗဟိုကော်မတီဝင်ဌာန အားလုံး ပူးပေါင်းဆောင်ရွက်ရန်” ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း။

ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်သည် ၁၉၉၂ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးရေးဆိုင်ရာညီလာခံကထုတ်ပြန်ခဲ့သည့့် ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အခြေခံမူများဖြစ်သည့် လူသားမျိုးဆက်များအတွင်း သာတူညီမျှရှိစေရန် အခြေခံမူ၊ ကြိုတင်ကာကွယ်ထိန်းသိမ်းရန်အခြေခံမူ၊ ပတ်ဝန်းကျင်ကို ထိခိုက်ခဲ့ပါက ပြုလုပ်သူက ပေးလျော်စေရန် အခြေခံမူများနှင့်အညီပေါ်ပေါက်လာသည့် စီမံအုပ်ချုပ်လုပ်ကိုင်မှု စနစ် တစ်ရပ်ဖြစ်ကြောင်း။ အဆိုပါစနစ်သည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး၊ သယံဇာတ များကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအကြား ပေါင်းစပ်ညှိနှိုင်း စီမံအုပ်ချုပ် လုပ်ကိုင်သော နည်းစနစ်ဖြစ်သည့်အပြင် သယံဇာတ ထုတ်လုပ်သုံးစွဲရာတွင် လည်းကောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင် ရွက်ရာတွင်လည်းကောင်း၊ ပတ်ဝန်းကျင်နှင့်သဟဇာတ ဖြစ်စေရန် သုံးသပ် ဆောင်ရွက်ရသည့် နည်းစနစ်လည်းဖြစ်ကြောင်း။ တစ်နည်းအားဖြင့် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဟူသည့် မဏ္ဍိုင်သုံးရပ်လုံးကို ထည့်သွင်း စဉ်းစားပြီး သိပ္ပံနှင့်စီမံအုပ်ချုပ်မှု ပညာရပ်နယ်ပယ်နှစ်ခုကို ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက် သည့် နည်းစနစ်လည်းဖြစ်ကြောင်း။

အကျိုးသက်ရောက်မှုများရှိမည်

ကမ်းရိုးတန်းဒေသတွင် ဆောင်ရွက်သည့် မည်သည့်လုပ်ငန်းမဆို အဆိုပါဒေသ၌ တည်ရှိသော  ဂေဟစနစ်များနှင့် အခြားသော သယံဇာတထုတ်လုပ်ရေး လုပ်ငန်း ဆောင်ရွက်သူ များအပေါ် အကျိုးသက်ရောက်မှုများရှိမည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်း ဒေသဂေဟစနစ်ကြီး တစ်ခုလုံးသည် မတူညီသော ဂေဟစနစ်ခွဲ များဖြင့်ဖွဲ့စည်းထားပြီး အဆိုပါ စနစ်ခွဲများက ဂေဟစနစ်ကြီးတစ်ခုလုံး ပုံမှန်လည်ပတ်ရန်ဝန်ဆောင်မှုများကို ဆောင်ရွက်နေကြခြင်းလည်း ဖြစ်ကြောင်း၊ ဂေဟစနစ်ခွဲ တစ်ခု ထိခိုက်ပျက်စီးသည်နှင့် အဆိုပါစနစ်ကြီးတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မည်ဖြစ်သည့်အတွက်  ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပင်လယ် ကမ်းရိုးတန်းဂေဟစနစ် အစိတ်အပိုင်းများ၏  တန်ဖိုးကိုသိရှိနားလည်ပြီး ထိခိုက်မှုမရှိစေရန် အထူးအလေးထား ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ရေရှည်အကျိုးစီးပွားကို ရှေးရှု

ကမ်းရိုးတန်းဒေသတွင်ဆောင်ရွက်သည့်   ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော  စိုက်ပျိုး ရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုသယံ ဇာတများထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများကြောင့် ကမ်းရိုးတန်းဒေသပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးတို့အပေါ် ဖြစ်ပေါ်လာမည့် အကျိုး သက်ရောက်မှုများကို ထည့်သွင်းတွက်ချက်ထားရန်လိုအပ်မည် ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်း သယံဇာတအသုံးပြုသူများအကြား၊ လုပ်ငန်းဌာနများ အကြား၊ အကျိုးဆက်စပ် ပတ်သက်သည့် အဖွဲ့အစည်းများအကြားတွင် ပဋိပက္ခများ ပေါ်ပေါက်ပါက နိုင်ငံနှင့် ပြည်သူထု၏ ရေရှည်အကျိုးစီးပွားကိုရှေ့ရှု၍ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းတို့ဖြင့် အဖြေရှာဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ဘက်စုံပူးပေါင်း စီမံအုပ်ချုပ်သည့်စနစ်၊ မတူကွဲပြားသည့် လုပ်ငန်းနယ်ပယ်များနှင့် အကျိုးဆက်စပ် ပတ်သက်သူများကို သဟဇာတ ဖြစ်အောင်ပေါင်းစည်းပေးသည့် စနစ်တစ်ခုလည်း ဖြစ်ကြောင်း။

Inernational Union for Conservation of Nature (IUCN)အဖွဲ့၏ နည်းပညာ အကူအညီ ဖြင့်ရေးဆွဲထားသာ ကမ်းရိုးတန်းသယံဇာတဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအစဉ် (မူကြမ်း)ကို မိတ်ဆက်တင်ပြပြီး အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် များ တင်ပြသွား မည်ကိုသိရကြောင်း။

မြန်မာ့ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအစဉ်တွင် “မြန်မာ့ ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများအား နိုင်ငံ၏ သဘာဝအရင်း အမြစ်အဖြစ် တန်ဖိုးထား ရမည်၊ ၎င်းသယံဇာတများကို အကျိုးဆက်စပ်ပတ်သက်သူအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးရည်ရွယ် ချက်များ ညီမျှရေးမူ၊ သဘာဝနှင့် လူသားတို့ကြောင့် ထိခိုက် နိုင်မှုအပေါ် တုန့်ပြန်ကာကွယ်နိုင်စွမ်းကို မြှင့်တင်ရေးမူ၊ အားလုံးပါဝင်မှုဖြင့် လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ရေရှည် ဖွံ့ဖြိုးရေးမူများကို အခြေခံ၍ အကျိုးရှိစွာအသုံးချ နိုင်ရေး” ကို အန္တိမရည်မှန်းချက်အနေဖြင့် ဖော်ထုတ်ထားရှိကြောင်း၊ မြန်မာ့(ICM)တွင် မဟာဗျူဟာ လုပ်ငန်းစဉ်(၆)ရပ်ဖြစ်သည့် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း၊ အဖွဲ့အစည်းနှင့်အုပ်ချုပ်မှု ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်း ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ သုတေသနနှင့် ကြီးကြပ်စစ်ဆေးခြင်း၊ အားလုံးပါဝင်သော စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးအမြတ်ခွဲဝေခံစားခြင်း၊ ပုဂ္ဂလိကအခန်းကဏ္ဍနှင့် တာဝန်သိတာဝန် ခံသော စီးပွားရေးလုပ်ငန်းများနှင့်ချိတ်ဆက်၍  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ငါးနှစ်လုပ်ငန်းစီမံချက်များ

မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်သည် ကမ်းရိုး တန်းဒေသ ဘက်စုံစီမံအုပ်ချုပ်ခြင်း(၁၅)နှစ်ကာလအတွက်  မျှော်မှန်းရေးဆွဲထားခြင်းဖြစ်ပြီး မဟာဗျူဟာ လုပ်ငန်းစဉ်(၆)ရပ်အပေါ် ဌာနအသီးသီး၏(၅)နှစ်လုပ်ငန်းစီမံချက်များ ရေးဆွဲဖော်ထုတ် ချိတ်ဆက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသ ဘက်စုံ စီမံ အုပ်ချုပ်ခြင်းအတွက် ဌာနအသီးသီး၊ ကဏ္ဍအသီးသီးအနေဖြင့် ဆောင်ရွက်မည့် စီမံချက်များကို ICM အစီအစဉ်ဖြင့်ချိတ်ဆက်၍ နိုင်ငံတော်မှထောက်ပံ့ပေးနိုင်သည့် ရန်ပုံငွေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများမှ ဖွံ့ဖြိုးရေး ရန်ပုံငွေ များရှာဖွေပြီး ပူးပေါင်းဆောင်ရွက် နိုင်မည့် လုပ်ငန်းအစီအစဉ်တစ်ခုအနေဖြင့် အသုံးပြုသွား နိုင်ရေးကိုလည်း ရည်မှန်းထား ကြောင်း၊ ထို့ကြောင့် မြန်မာ့(ICM)အစီအစဉ် အတည်ပြု နိုင်ရေးအတွက် ကော်မတီဝင်များ အနေဖြင့် ပံ့ပိုးပေးအပ်ရမည့် အကြံပြုချက်များနှင့် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အပေါ် ထိထိရောက်ရောက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏  ရှည်လျားသည့်ကမ်းရိုးတန်းတစ်လျှောက် အဏ္ဏဝါသယံဇာတများ ပေါကြွယ်ဝပြီး ၎င်းသယံဇာတများမှ နိုင်ငံ့စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အဓိက အခန်းကဏ္ဍမှပံ့ပိုးပေးလျက်ရှိကြောင်း၊ တစ်ဖက်တွင် ကမ်းရိုးတန်းဒေသများ၌ လူဦးရေ တိုးပွားလာခြင်း၊ ဒီရေတောများနှင့် ကမ်းရိုးတန်းဒေသ သစ်တောများ ပျက်စီးခြင်း၊ ငါးအ လွန်အကျွံ ဖမ်းဆီးခြင်း၊ ကမ်းရိုးတန်းဒေသခရီးသွားလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်းတည် ဆောက်ရေးလုပ်ငန်းများကြောင့်ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း၊ သယံဇာတနှင့်သတ္တု တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများကြောင့် အဏ္ဏဝါညစ်ညမ်းခြင်း၊ မြစ်ညာဒေသရေဝေရေလဲ ဒေသများ လျော့ပါးပျက်စီးလာခြင်းစသည့်  ပြဿနာရပ်များကိုဖြေရှင်းနိုင်ရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အသုံးပြုသူများအကြားထိန်းညှိပေးပြီး ဟန်ချက်ညီစေရန် အလေးပေး ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

ဟန်ချက်ညီညီစီမံခန့်ခွဲ

ကမ္ဘာတွင် နေ့စဉ်နှင့်အမျှ လူဦးရေတိုးပွားလာပြီး လူနေထိုင်မှုဘဝပုံစံများ တိုးတက် ပြောင်းလဲနေသည့်အတွက်  မြို့ရွာများ၊ လူနေမှုစနစ်များတိုးတက် ပြောင်းလဲလာသည်နှင့် အမျှ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ စီမံခန့်ခွဲနိုင်မှ သာလျှင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံအပါ အဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် များနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေကြသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင် ၁၇ ရပ်ရှိရာ ပန်းတိုင်(၁၄)သည် ပင်လယ် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့်ပန်းတိုင်ဖြစ်ကြောင်း။  

ပင်လယ်ကမ်းရိုးတန်းနှင့်အဏ္ဏဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များရေးဆွဲရာတွင် ကမ္ဘာကြီး ပူနွေးလာမှု၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ် မှုများကို ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း။

ရာသီဥတုပြောင်းလဲမှုကိုအဓိကဖြစ်ပေါ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့များကို ဒီရေတောများ၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များက အမြောက် အမြား စုပ်ယူသိုလှောင်ထားပြီး အဆိုပါထိန်းသိမ်းသိုလှောင်ပေးထားသည့် ကာဗွန်များကို အပြာရောင် ကာဗွန်(Blue Carbon)ဟု တင်စားခေါ်ဝေါ်ကြကြောင်း၊ ထို့ကြောင့် ကမ်းရိုးတန်း နှင့်အဏ္ဏဝါ သယံဇာတများထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ကမ္ဘာနှင့်အဝန်း မြှင့်တင်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း။ 

ကမ်းရိုးတန်းတစ်လျှောက်ရှိဒီရေတောများ ပျက်စီးပြုန်းတီးခြင်းကြောင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်ပေါ်စေရုံသာမက ကမ်းပါးပြိုတိုက်စားမှု၊ နှုန်းအနည်ကျမှုများဖြစ်ပေါ်စေကာ ရေထုအတွင်း ငါးများ၏ ရှင်သန်ရပ်တည်မှုကို ထိခိုက်ပျက်စီးစေမည်ဖြစ်သည့်အတွက် ဒီရေတောများ တည်ထောင် စိုက်ပျိုးခြင်း၊ သဘာဝဒီရေတောများထိန်းသိမ်းကာကွယ်ခြင်း စသည့် အစိမ်းရောင် အကာအရံတံတိုင်းများ ပြုစုတည်ထောင်ခြင်းကဲ့သို့သော သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကမ်းရိုးတန်း နှင့် အဏ္ဏဝါဆိုင်ရာစီးပွားရေးလုပ်ငန်းများဖြစ်သည့် ပင်လယ်ရေကြောင်း ခရီးသွားလာရေး လုပ်ငန်း၊ ကမ်းနီး ကမ်းဝေးငါးဖမ်းလုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်း၊ ခရီးသွား လုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းများ ကိုလည်း အပြာရောင်စီးပွားရေးဟု တင်စားခေါ်ဝေါ်ကြပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့်နည်းလမ်းများကို လိုက်နာကျင့်သုံးကာ Blue Economy ဖွံ့ဖြိုးရေး ဆောင်ရွက်ကြရန် ကမ္ဘာနှင့်အဝန်းနှိုးဆော် ဆောင်ရွက် လျက်ရှိကြောင်း။

မြန်မာနိုင်ငံတွင်  Blue Economy ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ခြေရှိသည့် အခွင့်အလမ်း  (၄) ရပ်ကို Wildlife Conservation Society (WCS Myanmar)က ၂၀၁၅ ခုနှစ်တွင် သုံးသပ် တင်ပြထားရာ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသလုပ်ငန်းကဏ္ဍနယ်ပယ်များ အလိုက် စီမံအုပ်ချုပ်မှု အစီအစဉ်များနှင့် မူဝါဒများ ခိုင်မာစွာသတ်မှတ်ထားရှိခြင်းပင်လယ် ကမ်းရိုးတန်းနှင့် အဏ္ဏဝါအရင်းအမြစ်များ ထုတ်ယူရေးတွင်ထိရောက်စွာ ရင်းနှီးမြှုပ်နှံနိုင်ခြင်း၊ ပင်လယ်ကမ်းရိုးတန်းနှင့်အဏ္ဏဝါ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝခြင်းကြောင့် ထိန်းသိမ်းရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန် အခြေအနေကောင်းများ ရှိခြင်းနှင့် သဘာဝဘေး အန္တရာယ် ကာကွယ်ရေးအတွက် ဒီရေတောများ တည်ထောင်ပြုစု ထိန်းသိမ်း သည့်လုပ်ငန်းများကို ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးနှင့်ကာကွယ်မှု မြှင့်တင်ရေး အစီအစဉ် တစ်ရပ်အနေဖြင့် ဆောင်ရွက် နိုင်ခြေရှိခြင်းများဖြစ်သည်ဟု တင်ပြထားရှိကြောင်း။

လုပ်ငန်းစီမံချက်များဖော်ထုတ်

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုပန်းတိုင်(၁၄)ဖြစ်သည့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို  နိုင်ငံတကာနှင့် ရင်ဘောင်တန်း လက်တွဲ ပူးပေါင်းဆောင်ရွက်နေသကဲ့သို့  ကိုဗစ်ကပ်ရောဂါကာလအလွန် ပင်လယ် ကမ်းရိုး တန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများအလိုက်၊ ကဏ္ဍများအလိုက် ထိရောက်သည့် လုပ်ငန်း စီမံချက်များ ဖော်ထုတ်ဆောင်ရွက်ကြရန် အားပေးဆောင်ရွက် လျက်ရှိကြောင်း။ ထို့ကြောင့် အနာဂတ်ကာလ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံ ပင်လယ် ကမ်းရိုးတန်းဒေသဘက်စုံ စီမံအုပ်ချုပ်ခြင်း အစီအစဉ်နှင့်ချိတ်ဆက်၍ Blue Economy ကဏ္ဍဖွံ့ဖြိုးရေးကို ဦးတည် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

ဗဟိုကော်မတီ (ပထမအကြိမ်)အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဗဟိုကော်မတီဖွဲ့ စည်းစဉ်ကပင် သတ်မှတ်ပြဌာန်းထားသည့်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးကြသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း။  ကော်မတီဝင်များ အနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားရသည့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါ သယံဇာတ ကာကွယ်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရန်၊ ပင်လယ် ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ကြရန်၊ သက်ဆိုင်ရာကဏ္ဍအလိုက်၊ ဝန်ကြီးဌာနများအလိုက် ကမ်းရိုး တန်းနှင့် အဏ္ဏဝါရေပြင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအမံများနှင့်လုပ်ငန်းစဉ်များကို ပွင့်လင်း မြင်သာစွာ တင်ပြ ဆွေးနွေးကြစေလိုကြောင်းပြောကြားပြီး ပင်လယ်ကမ်းရိုးတန်း ဒေသဆိုင်ရာအသိပညာပေး ဗီဒီယိုကို ပြသသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဌေးအောင်က ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများ၊ ICM အစီအစဉ်ရေးဆွဲရန် ကြိုတင်ပြင်ဆင်ရောက်ရွက်ခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြ ချက်များအပေါ် ဖြည့်စွက်ဆွေးနွေးသည်။

၎င်းနောက် နို်ငငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်