နေပြည်တော် ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ၌ အခြေခံပညာအလယ်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖေဖော်ဝါရီ ၁၄ ရက်နေ့ ည ၁၂ နာရီခွဲတွင် ကျေးရွာ၏မြောက်ဘက်မှ လက်လုပ်စိန်ပြောင်း၊ တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် အကြမ်းဖက်သမားများမှာ ကျေးရွာ၏ မြောက်ဘက်ရှိ ချောင်းဦးကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့ဆုတ်ခွာထွက်ပြေးရာ လမ်းတစ်လျောက်ရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူတို့၏ နေအိမ်များ မီးကူးစက်လောင်ကျွမ်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့သော်လည်း ကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏နေအိမ် ၃၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးပြီး အဆိုပါကျေးရွာနေ ဦးဖိုးညို (၄၁)နှစ် (ဘ) ဦးတင်လှိုင်၊ ဦးလှရွှေ (၆၅)နှစ် (ဘ) ဦးပေါက်၊ ဦးသန်းဆွေ (၆၆)နှစ် (ဘ) ဦးဖိုးစပ်နှင့် ဒေါ်တင်စု (၅၅)နှစ် (ဘ) ဦးကျော်သိန်းတို့ လေးဦးမှာ ၎င်းတို့၏ နေအိမ်များအတွင်း ပိတ်မိ၍ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
ထိုသို့မီးလောင်ပျက်စီးခဲ့သည့် နေအိမ် ၃၁ လုံးမှ အိမ်ထောင်စု ၃၁ စု၊ ကျေးရွာနေပြည်သူ ၁၇၁ ဦးတို့အား ကျေးရွာရှိဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပို့ဆောင်ထားရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် လက်လုပ်တူမီးသေနတ် ၁ လက်၊ လက်လုပ်ပစ္စတိုသေနတ် ၂ လက်၊ ၄၀ မမ လက်လုပ် ဗုံးသီး ၁၃ လုံး ၅.၅၆ ကျည် ၁ တောင့်၊ ၇.၆၂ ကျည် ၉ တောင့်တို့ကို ကျေးရွာပတ်လမ်း၌ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထိုကဲ့သို့ ကျေးရွာနေပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေး လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးကာ လူ့အသက်သေဆုံးစေခဲ့သည့် အကြမ်းဖက်သမား များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်