နေပြည်တော် ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာကားဝန်းနေ နိုင်လင်းအောင်(ခ) အီးကွဲ(ခ) ဒဗလျူ (ဘ)ဦးအောင်ဆန်းဝင်းသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများနှင့် လက်လုပ်ဗုံးများ သယ်ဆောင်ပေးခြင်းဖြင့် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာ ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းအတွက်ကြောင့် လည်းကောင်း၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အမှတ်(၂)သိင်္ဂီလမ်း ကျောင်းပိုင်းရပ်ကွက်နေ အောင်ဘုန်းကျော် (ခ) ဇီးရိုးတူး (ဘ) ဦးရန်လင်းအောင်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးထောက်ပံ့မှုများ လက်ခံရယူခြင်းနှင့် ချုံခိုတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ခြင်းဖြင့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ (သို့မဟုတ်) တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အဦများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အဦကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြလုပ်ခဲ့ခြင်းကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(က) တို့အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင်၎င်းတို့အား “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ် အမိန့်ချ မှတ်လိုက်ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန် ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်