ပဲခူး ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ(၁၅)ရက် ညနေပိုင်းက ရွှေမော်ဓောဘုရား အနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတက္ကသိုလ် ရုက္ခဗေဒဌာနမှူးက ထမနဲထိုးပြိုင်ပွဲနှင့် ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများကို လည်းကောင်း၊ မြန်မာစာဌာနမှူးက တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားကြပြီး ပြိုင်ပွဲကို တိုင်းဒေသကြီး ဥပဒေချုပ်က မင်္ဂလာမောင်းတီး၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက ထမနဲယှဉ်ပြိုင်ထိုးကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူးတို့က ဂုဏ်ပြုအထူးဆုရရှိကြသည့် အထက်ဇိုင်းဂနိုင်းကြီးကျေးရွာ၊ မုန်တိုင်းကျေးရွာ၊ ကျောက်ကြီးစုရပ်ကွက်၊ ကျိုက်ဒေးယုံကျေးရွာနှင့် ဥဿာ (၈)ရပ်ကွက် အသင်းတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအသင်းကို လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ဒုတိယဆုရရှိသော ဘုရားကလေးကျေးရွာ အသင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရရှိသော ကျိုက်ပွန်ဘုရား ဂေါပကအသင်းကို လည်းကောင်း ငွေသားဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ပြိုင်ပွဲဝင် အသင်းသားများအား ဆိုင်ကယ် (၂)စီးနှင့် စက်ဘီး (၁၅)စီး ကံစမ်းမဲများ ဖောက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်