နေပြည်တော် ဖေဖော်ဝါရီ ၁၅
နေပြည်တော်၌ ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် မကွေးတိုင်းဒေသကြီး ရိုးရာယဉ်ကျေးမှုအဖွဲ့သည် ယနေ့တွင် ရန်အောင်ချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညိုကြပြီး မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)နှင့် လွှတ်တော်သို့ သွားရောက်လေ့လာကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသ ကြီး လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့် ဦးဆောင်သော တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့သည် နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ ရန်အောင်ချမ်းသာဘုရားကြီး အား ဖူးမြော်ကြည်ညိုကြပြီး မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက် ရတနာပြတိုက် (နေပြည်တော်) သို့သွားရောက်၍ ပြခန်းခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတပစ္စည်းများကိုလေ့လာ ကြည့်ရှုကြသည်။
ထို့နောက် လွှတ်တော်အဆောက်အအုံများကို ဆက်လက်လေ့လာကြရာ ပြည်ထောင်စု လွှတ်တော် ဧည့်ကြိုဆိုရေးအဆောင်၌ ပြသထားသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအထိမ်း အမှတ်ဖြစ်သော ယွန်းထည်ဆွမ်းအုပ်ကြီးနှင့် သစ်အမျိုးအစား ၉၂ မျိုးတို့ကို ကြည့်ရှုလေ့လာကြပြီး မှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမများသို့ လေ့လာကြရာ တာဝန်ရှိသူများက လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်ပုံနှင့် လွှတ်တော်ရေးရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ သိရသည်။
သတင်းစဉ်