Skip to main content

စာပေဗိမာန်စာမူဆုရ စာအုပ်များ ဖြန့်ချိရောင်းချ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာစာပေ ပထမဆုရရှိသည့် စာရေးသူ လွင်မြန်မာ (မန်းတက္ကသိုလ်) ၏ “မြန်မာ့ရွှေချည်ထိုး” စာအုပ်နှင့် စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် တတိယဆုရရှိသည့် စာရေးသူ သောင်းမြင့်ဦး (ကွမ်းခြံကုန်း)၏ “နားဝင်ပီယံ ခလောက်သံနှင့် အခြားဝတ္ထုတိုများ” စာအုပ်တို့ကို ဖြန့်ချိလိုက်ပြီဖြစ်သည်။

စာရေးသူလွင်မြန်မာ(မန်းတက္ကသိုလ်)၏ “မြန်မာ့ရွှေချည်ထိုး” စာအုပ်တွင် ရွှေချည်ထိုး ဝေါဟာရ အဓိပ္ပာယ်၊ ရွှေချည်ထိုးသမိုင်းကြောင်း၊ ရွှေချည်ထိုး လုပ်ငန်း အမျိုးအစား၊ ရွှေချည်ထိုးရာတွင် လိုအပ်သောပစ္စည်းများ၊ ရွှေချည်ထိုးပြုလုပ်ပုံ၊ ရွှေချည်ထိုးနည်း စနစ်ဟန်များ၊ ဘော်ကြယ်ပြုလုပ်ပုံ အဆင့်ဆင့်၊ နဂထာကြိုးများ ပြုလုပ်ပုံ၊ ရွှေချည်ထိုးရာတွင် ပြုလုပ်သော ဖန်ကျောက်များ၊ ရှေးက နန်းတော်သုံး ရွှေချည်ထိုးနှင့် ဂုန္တန်ထိုးအဆင်တန်ဆာများ၊ ရှေးခေတ် မင်းခမ်းတော်များမှ ရာထူးအလိုက် ရွှေချည်ထိုးအဆင်တန်ဆာများ စသည့် မြန်မာ့ရွှေချည်ထိုး လုပ်ငန်းနှင့် ပတ်သက်၍ သုတေသနပြု ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်ပြီး ငွေကျပ် ၂၀၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

စာရေးသူ သောင်းမြင့်ဦး(ကွမ်းခြံကုန်း)၏ “နားဝင်ပီယံခလောက် သံနှင့် အခြားဝတ္ထုတိုများ” စာအုပ်တွင် ကျေးလက်ကို အခြေခံသော ဘဝသရုပ်ဖော် ဝတ္ထုတို ၁၃ ပုဒ် ပါဝင်၍ ဝတ္ထု အများစုသည် ရေလုပ်သားတို့၏ ကြမ်းတမ်းသော ဘဝ၊ စရိုက်၊ ရုန်းကန်မှုတို့ကို ခြယ်မှုန်းထားသော ဝတ္ထုများ ဖြစ်သည်။ ဝတ္ထုတစ်ပုဒ်ချင်းကို တစ်မျိုးစီ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရသမြောက်စွာ ရေးဖွဲ့ထားသော ဝတ္ထုတို စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ငွေကျပ် ၂၀၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

အဆိုပါစာအုပ်များကို အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀ ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန (ဖုန်း ၀၁၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဇော်ဝင်းထွန်း