မြန်မာနိုင်ငံသည် ကျူးကျော်သူနယ်ချဲ့တို့ကို လက်နက်စွဲကိုင် တွန်းလှန်တိုက်ခိုက်၍ အနိုင်ယူခဲ့သော်လည်း တိုင်းပြည်လွတ်လပ်ရေးအတွက် တိုင်းရင်းသား ပြည်သူအပေါင်း တို့၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်စွမ်းအားများကို အခိုင်အမာထုတ်ဖော်ပြသ၍ အရယူနိုင်ခဲ့ပါသည်။ နယ်ချဲ့ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို အကြိမ်ကြိမ်အခါခါ နည်းပရိယာယ်မျိုးစုံဖြင့် သိမ်းပိုက်အုပ်ချုပ်ခဲ့သော်လည်း တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ စည်းလုံးညီညွတ်မှုအားမာန်ကို မခံနိုင်ဘဲ လွတ်လပ်ရေးပေးခဲ့ရပါသည်။
လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နေထိုင်ရခြင်းမှာ လွယ်လွယ်ကူကူတော့ မဟုတ်ပေ။ နှစ်ပေါင်းကာလ ရာစုတစ်ခုတိုင်အောင် ကျွန်ုပ်တို့၏ ဘိုးဘွားဘီဘင်များ၏ အသက်သွေးချွေးများနှင့် ဘဝများစွာတို့ကို ရင်းနှီးပေးဆပ်ခဲ့ရပါသည်။ ပြည်သူများ၏ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုများနှင့် နိုင်ငံ၏ သဘာဝသယံဇာတအမြောက်အမြား ဆုံးရှုံးခဲ့ ရပါသည်။ တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရမှုတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတို့သာမက ဘ၀များနှင့်ဆိုင်သည့် စိတ်ဓာတ်များပါ ထိခိုက်ခဲ့ရပါသည်။ လွတ်လပ်ရေး ရရှိပြီးသော အခါတွင် ယင်းဒဏ်ရာ အနာတရများမှာ အကင်းမသေဘဲ ဆိုးမွေဒဏ်ရာ အနာတရများကို ဆက်လက် ခံစားကြရပါသည်။
နိုင်ငံတစ်နိုင်ငံအတွက် အဓိကလိုအပ်ချက်၊ အရေးအကြီးဆုံးအချက်သည် စည်းလုံးညီညွတ်မှု ဖြစ်သည်။ ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေးအတွက် အမြော်အမြင်ရှိသော ခေါင်းဆောင်များက တည်ဆောက်ခဲ့ကြသည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်များကို ရာစုနှစ်ပေါင်းများ စွာကြာအောင် စည်းလုံးညီညွတ်မှုဖြင့် တည်ထောင်ခဲ့ကြသည်။ အမြော်အမြင်နည်းသော ခေါင်းဆောင်နှင့် တိုင်းပြည်စည်းလုံးညီညွတ်မှု လျော့နည်းသောအချိန်တွင် နိုင်ငံ့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်စိုးမှုမှာ အလွယ်တကူ ဆုံးရှုံးခဲ့ရသည်။ ဆုံးရှုံးသွားသော လွတ်လပ်ရေး ပြန်လည်ရရှိရန်အတွက် နှစ်ပေါင်းရှည်ကြာ ကြိုးပမ်းခဲ့ရ သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် စိန်ရတုကာလသို့ပင် ရောက်ရှိတော့မည်ဖြစ်သည်။ စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံလွတ်လပ်ရေး ရရှိခဲ့သော်လည်း အချုပ်အခြာအာဏာ မပျက်စီးအောင် နှစ်ပေါင်းများစွာ ကျားကန်နေရဆဲဖြစ်သည်။ စည်းလုံးညီညွှတ်နေသောအခါ မည်သည့်သူစိမ်းတစ်ရံဆံကိုမျှ မှုစရာမလိုဘဲ မော်မော်ကြွားကြွား နေနိုင်သည်။ စည်းလုံးညီညွတ်မှု အားနည်း၍သာ အချုပ်အခြာအာဏာ မပျက်စီးအောင် ကျားကန်နေရခြင်းဖြစ်သည်။ မျက်မှောက်ကာလတွင် စည်းလုံးညီညွတ်မှုပြိုကွဲလျှင် တိုင်းတစ်ပါးလက်အောက်သို့ မရောက်နိုင်သော်လည်း တိုင်းတစ်ပါးလက်ဝေခံဘဝဖြင့် မတည်ငြိမ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်သည်ကို စည်းလုံးညီညွတ်မှုပြိုကွဲခဲ့သော နိုင်ငံများ၏ ဖြစ်စဉ်ကိုကြည့်လျှင် သိနိုင်ပါသည်။
မြန်မာ့နိုင်ငံရေးအခြေအနေကို လေ့လာကြည့်လျှင် ပြည်ထောင်စုသား အချင်းချင်း အဆင်မပြေမှုများ ကြုံခဲ့ရသည်။ သဘောထားကွဲလွဲမှုများ မကြာခဏ ဖြစ်ခဲ့ရသည်။ ပဋိပက္ခများ ရံဖန်ရံခါ ဖြစ်ပေါ်တတ်သည်။ သဘောထားမတူ ကွဲပြားမှုများဖြစ်အောင် နည်းမျိုးစုံဖြင့် သွေးခွဲခြင်းကို ခံထားရသည်။ မတူကွဲပြားမှုများရှိသည်မှာ သဘာဝပင်ဖြစ်သော်လည်း သွေးခွဲမှုများကြောင့် စိတ်ဝမ်းကွဲပြားကြရသည်။ အဆင်မပြေမှုများကို ဆန်းစစ်ကြည့်လျှင် ပြည်ထောင်စုအိမ်ကြီးတွင် အတူနေပါလျက် ပြည်ထောင်စုစိတ်ဓာတ် အားနည်းသောကြောင့် ဖြစ်ရသည်ဟု ဆင်ခြင်ရမည်ဖြစ်သည်။ တန်းတူညီမျှ လွတ်လပ်ရေးရရှိစေမည့် ပြည်ထောင်စု စိတ်ဓာတ်ကို ၁၉၄၇ ခုနှစ်တွင် တည်ဆောက်နိုင်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးသည့် ၁၉၄၈ ခုနှစ်မှစ၍ ပြန်လည်ယိုင်နဲ့လာခဲ့သည်။ အကျိုးဆက်မှာ ပြည်တွင်းမငြိမ်းချမ်းမှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရမှုများ ဖြစ်လာခဲ့သည်။
ပြည်ထောင်စုစိတ်ဓာတ်သည် နိုင်ငံတော်၏ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ တစုတစည်းတည်း စည်းစည်းလုံးလုံး နေထိုင်မည်ဟူသော စိတ်ဓာတ် ဖြစ်သည်။ အမိနိုင်ငံတော်နှင့် မိမိတို့၏ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင်မြတ်နိုးတန်ဖိုးထားပြီး တစ်စိတ်တစ်ဝမ်းတည်း နေထိုင်ကြမည်ဟူသည့် ဝံသာနုရက္ခိတတရားကို အခြေခံတည်ဆောက် ထားကြရမည်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းပြည်အတွက် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးလာသည်နှင့် တိုင်းပြည်အတွက်၊ ပြည်ထောင်စုအတွက် အန္တရာယ်ကြီးမားလာသည်ကို သတိမူရမည်ဖြစ်သည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပြည်ထောင်စုကြီးမပြိုကွဲအောင် တပ်မတော်သည် အစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခဲ့ရသည်ကို အမှန်အတိုင်း သိရှိသင့်ပါသည်။ ပြည်ထောင်စု ပြိုကွဲသွားသော နိုင်ငံများ၏ဘ၀သည် ခါးသီးဖွယ်ကောင်းပြီး ပြည်သူများ ဒုက္ခဆင်းရဲ ကြီးမားစွာ ကျရောက်ခဲ့ရသည့်ဖြစ်စဉ်များကို သင်ခန်းစာယူ၍ ပြည်ထောင်စုမပြိုကွဲအောင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်ရမည် ဖြစ်ပါကြောင်း။ ။