နေပြည်တော် ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် လုပ်ငန်းကော်မတီများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်က ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အကြံပြုချက် များကို ဦးစားပေး အစီအစဉ်များအလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်၍ ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာများကို ပုံမှန်ပေးပို့ကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများ အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို ကြိုတင်မျှော်တွေး၍ ရေးဆွဲထား သည့် စီမံချက်များနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီက ရေးဆွဲ ထားသည့် စီမံချက်နှင့်အညီ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
လတ်တလော ဦးစားပေးဆောင်ရွက်ရမည့် Pilot Project အတွက် ပြန်လည်လက်ခံရေး စခန်းများဖြစ်သည့် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်း၊ လှဖိုးခေါင်ကြားစခန်းနှင့် ပြန်လည် နေရာချထားမည့် နေရာများတွင် ဆောင်ရွက်စရာရှိသည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လုပ်ငန်းကော်မတီများနှင့် ရခိုင် ပြည်နယ်အစိုးရအဖွဲ့တို့အနေဖြင့် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ လုပ်ငန်း မှတ်တမ်းများနှင့် စာရင်းဇယားများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်းနှင့် လုပ်ငန်းတိုး တက်မှုအစီရင်ခံစာများကို မှန်ကန်မြန်ဆန်စွာ ပြုစုပေးပို့ခြင်းတို့ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က လုပ်ငန်း ကော်မတီများ ပေါင်းစပ်ညှိနှိုင်းရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာ သူများပြန်လည် လက်ခံရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ နေရပ်စွန့်ခွာ သူများအား Pilot Project အဖြစ် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံတို့ ရေးထိုးထားသည့်နားလည်မှု စာချွန်လွှာအရ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ကော်မတီ အလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်