ရန်ကုန် ဖေဖော်ဝါရီ ၁၀
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဟောင်းမီးသတ်ယာဉ်များပြတိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၊ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦး၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးမြင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးသန်းလှ၊ မီးသတ်ဝန်ထမ်းဟောင်းများအသင်း ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးဇော်ဝင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ရှေးဟောင်းမီးသတ် ယာဉ်များပြတိုက်အဝင် မင်္ဂလာတံခါးနှင့် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်ပက်ဖြန်းပြီး အခမ်းအနားသို့ တက်ရောက်လာကြသော မီးသတ်ဦးစီးဌာန အငြိမ်းစားအရာရှိများက ကမ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းကြသည်။ ထို့နောက်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်များက ဂုဏ်ပြုအလေးပြုကြပြီး ညွှန်ကြားရေးမှူး ချုပ်နှင့် အငြိမ်းစားအရာရှိများ၊ မီးသတ်ဝန်ထမ်းဟောင်းများအသင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ရှေးဟောင်းမီးသတ်ယာဉ်များကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ရှေးဟောင်းမီးသတ်ယာဉ်များပြတိုက်တွင် ကိုလိုနီခေတ်မှစ၍ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် မီးသတ်ယာဉ်များထဲမှ သက်တမ်းရှေးအကျဆုံး ရှေးဟောင်းမီးသတ်ယာဉ်များကို ပြသထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ၁၉၀၉ ခုနှစ်တွင် စတင်ရောက်ရှိလာသော Fire King ဟုခေါ်ဝေါ်ခဲ့သည့် ကမ္ဘာ့ရှေးဟောင်း မီးသတ်ယာဉ် အမျိုးအစားတွင်ပါဝင်သော အင်္ဂလန်နိုင်ငံထုတ် Merryweather(STEAM)နှင့် Merryweather(Petrol) ရေနွေးငွေ့သုံး မီးသတ်ယာဉ်များအပါအဝင် ရှေးဟောင်းမီးသတ်ယာဉ် (၉)စီးကို ထည့်သွင်းပြသထားသည်။
အဆိုပါရှေးဟောင်း မီးသတ်ယာဉ်များပြတိုက် ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ကိုင်တွယ်အသုံးပြုလျက်ရှိသော စက်/ ယာဉ်များအား မြတ်နိုးဂုဏ်ယူစိတ်ဖြင့် စနစ်တကျ ကိုင်တွယ်လိုစိတ်များ တိုးပွားလာစေရန်၊ သမိုင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားခြင်းကြောင့် ပြည်သူလူထုအနေဖြင့် မီးသတ် စက်/ ယာဉ်များအကြောင်း လေ့လာသိရှိပြီး လက်ရှိ မီးသတ်စက်/ ယာဉ်များအပေါ် တန်ဖိုးထား ဝိုင်းဝန်းစောင့်ရှောက်နိုင်စေရန် (၇၅)နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် လမ်းညွှန်မှာကြားမှုအပေါ် မီးသတ်သမိုင်းဝင် အမွေအနှစ်များဖြစ်သည့် ရှေးဟောင်းမီးသတ်ယာဉ်များကို ဆက်လက်ထိန်းသိမ်းထားရှိလျက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပြသခြင်းဖြစ်ကြောင်း သိရသည်။
“မီးဘေးအန္တရာယ် ကာကွယ်ရေးမှာ ခေတ်အဆက်ဆက် မီးသတ်တပ်ဖွဲ့တွေနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့တဲ့ ရှေးဟောင်းမီးသတ်ယာဉ်တွေကို မီးသတ်တပ်ဖွဲ့ဌာနချုပ်ရှေ့က ပြတိုက်မှာ အများပြည်သူ လေ့လာကြည်ရှုနိုင်အောင် ဖွင့်ပွဲပြုလုပ်တာပါ။ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့တွေမှာလည်း ခေတ်အဆက်ဆက်က ရှေးဟောင်းမီးသတ်ယာဉ်တွေကို ဂုဏ်ပြုပြသထားတာကို တွေ့ရမှာပါ။ နိုင်ငံခြားသားတွေလည်း အထူးစိတ်ဝင်စားတဲ့အတွက် ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်တက်စေပါတယ်။ ဒီလိုပြတိုက်မျိုးဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်မှု၊ ညွှန်ကြားရေးမှူးချုပ်ရဲ့ အလေးအနက်ထား ဆောင်ရွက်မှုနဲ့အတူ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်နိုင်မှု အသီးအပွင့်အဖြစ် တွေ့မြင်ရတာဟာ ဝမ်းသာဂုဏ်ယူစရာပါ”ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြို့ပြနှင့်ကျေးလက် မီးဘေးလုံခြုံရေးအတွက် မီးသတ်ယာဉ် စုစုပေါင်း ၃၆၆၅ စီးဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ခေတ်အဆက်ဆက်တွင် အသုံးပြုခဲ့သော ရှေးဟောင်းမီးသတ်ယာဉ်များအား ပြည်သူများအနေဖြင့် လေ့လာကြည့်ရှုနိုင်ရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းမီးသတ်ယာဉ်များ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ မီးသတ်ဝန်ထမ်းဟောင်းများအသင်းမှ အငြိမ်းစားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါစည်းကမ်း သတ်မှတ်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး - ညိမ်းသူ
(သတင်းစဉ်)
ရန်ကုန်မြို့။