နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
မြန်မာတို့၏ရိုးရာအမွေအနှစ် ကိုယ်ခံပညာရပ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို လူငယ်/ လူရွယ်တိုင်း စိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ " ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား" ကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေး ထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင် သောလူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစား သမားများနှင့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ မြန်မာ့သိုင်းပညာရပ်များ နိုင်ငံတကာသို့ ပြန့်နှံ့ရောက်ရှိစေရန်နှင့် အရှေ့တောင် အာရှနှင့် ကမ္ဘာ့ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အနိုင်ရရှိရေးတို့အတွက် အထောက် အကူဖြစ်စေရန် ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ သိုင်းပညာရပ်သည် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သောကြောင့် ထိန်းသိမ်း စောင့်ရှောက်သွား ကြရန်နှင့် ခေတ်နှင့်အညီ ပြန့်ပွားတိုးတက်စေရေးအတွက် နိုင်ငံသားတိုင်း၏ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ရန်လိုကြောင်း၊ သိုင်းပညာရပ် သည် နိုင်ငံတော်ကာကွယ် ရေးအတွက် အရေးပါသည့်အပြင် ရိုးရာအမွေအနှစ် ကိုယ်ခံပညာတစ်ရပ် အနေဖြင့် အလေးအနက်ထား လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း၊ ထိုပညာရပ်ကို မတိမ်ကောပ ပျောက်မသွားစေရန်အတွက် လူငယ်လူရွယ်တိုင်း၏ စိတ်ထဲ/ နှလုံးသားထဲတွင် ခံယူပြီး ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်သွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဒိုင်လူကြီးများ အနေဖြင့် ဘက်လိုက်မှု မရှိဘဲ တရားမျှတစွာဖြင့် မှန်မှန်ကန်ကန်ဆုံးဖြတ် ဆောင်ရွက် ပေးရန်နှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီး စွာဖြင့် ပြောဆိုနေထိုင်၍ မိမိတို့အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓာတ် အပြည့်အဝဖြင့် မိမိတို့၏အစွမ်းအစများကို အစွမ်းကုန် ဖော်ထုတ်ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်း ပြောကြားသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြိုင်ပွဲအမျိုးအစား ဝိတ်တန်းအလိုက် ဗန်ဒိုပြိုင်ပွဲနှင့် ဓါးအတိုက် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာ့သိုင်းပြိုင်ပွဲအား ဖေဖော်ဝါရီ (၁၀) ရက် မှ (၁၄) ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ပြိုင်ပွဲအမျိုးအစားအလိုက် ဆက်လက် ကျင်းပသွားမည်ဖြစ်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း (၁၂) သင်း၊ အားကစားသမားအင်အား (၁၄၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်