နေပြည်တော် ဖေဖော်ဝါရီ ၁၀
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားများ တရားဝင်စေလွှတ်ရေးအတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ကို ခွင့်ပြုထုတ်ပေးခဲ့ရာ ယနေ့အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ (၃၂၃)ခုက လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ တရားဝင် စေလွှတ်နိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ကို ခွင့်ပြုထုတ်ပေးခဲ့ရာ ယနေ့အထိ အေဂျင်စီ (၁၁၄)ခုရှိကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များကို ၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မှစ၍ ရပ်ဆိုင်းထားခဲ့ပြီး ထိုင်းနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ လျော့ကျလာမှုကြောင့် MoU စနစ်ဖြင့် အလုပ်သမားများ ပြန်လည်ခေါ်ယူပြီဖြစ်သဖြင့် မြန်မာအလုပ်သမား စေလွှတ်ရေးအတွက် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ လိုင်စင်ရ အေဂျင်စီများအနေဖြင့် ဝန်ဆောင်စရိတ်အား မြန်မာဘက်ခြမ်း၌ ပြောင်းလဲလာသည့် ငွေကြေးလဲလှယ်နှုန်းထားများအရ ၂၀၁၅ ခုနှစ်မှစ၍ ကောက်ခံသည့်နှုန်းထား ငွေကျပ် ၁၅၀,၀၀၀/ အစား ယခုငွေကျပ် ၃၀၀,၀၀၀/- ကောက်ခံရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေးမှ အတည်ပြုခဲ့ကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်သက်တမ်းအား သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ယခင် ၁ နှစ်အစား ယခု ၂ နှစ် တိုးမြှင့်သတ်မှတ် ခဲ့ကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်အသစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဖြေလျှော့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ တရားမဝင် သွားရောက်လုပ်ကိုင်မှုမရှိစေရေး၊ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုကောက်ခံမှု မရှိစေရေး၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံရမှု မရှိစေရေး၊ ဂုဏ်သိက္ခာ ရှိသော အလုပ်သမားစုဆောင်းမှု ဖြစ်စေရေးနှင့် အလုပ်သမားများ လူကုန်ကူးမှု မခံရစေရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်ပတ်သက်၍ လိုင်စင်သက်တမ်းတိုးမြှင့်ခြင်း သတ်မှတ်ချက်များ၊ လိုင်စင်အသစ် လျှောက်ထားရာတွင် ဖြေလျှော့မှုများနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ယင်းနောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ထိုင်းနိုင်ငံသို့ MoU မြန်မာအလုပ်သမားများ စေလွှတ်နိုင် ရေး ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်အကိုင်ဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှု၊ MoU စနစ်ဖြင့် မြန်မာအလုပ်သမား စေလွှတ်နိုင်ရေးအတွက် Demand Letter တင်ပြသည်မှ စေလွှတ်နိုင်သည်အထိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ထိုင်းဘက်မှ MoU စနစ်ဖြင့် အလုပ်သမားများ လက်ခံ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် တာဝန်ရှိသူများက ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်ရေးကိစ္စများကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်