နေပြည်တော် ဖေဖော်ဝါရီ ၁၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမရပူရ ရဲစခန်းမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အမရပူရမြို့နယ်၊ ရွှေကြက်ယက်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော အိန္ဒိယနိုင်ငံထုတ် ဂျုံမှုန့်အိတ်(၂၄၀)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၂၀၀,၀၀၀)နှင့် ဂျုံမှုန့်အိတ်များ တင်ဆောင်လာသော Fuso အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဖေဖော်ဝါရီ ၉ ရက်တွင် မြန်မာ့ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်းတွင် အကောက်ခွန်ဦးစီးဌာန တာဝန်ကျ အကောက်ခွန်အဖွဲ့မှ တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်သေတ္တာများကို စစ်ဆေးရာ သွင်းကုန်ကြေညာလွှာ (ID)ထက် ပိုမိုပါရှိလာသော ချည်ထည် ခြေအိတ်အစုံ (၃၈၄၀၀)၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၆၅၅,၀၀၀)နှင့် ကြွေပြား (၁၀၉၂၄)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၄၄၉,၇၂၈) စုစုပေါင်း (ခန့်မှန်းဖိုးငွေကျပ် ၃၄,၁၀၄, ၇၂၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
အလားတူ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး ၂၁ မိုင်အနီးတွင် အကောက်ခွန် ဦးစီးဌာနနှင့် တာဝန်ကျပူးပေါင်းအဖွဲ့မှ သတင်းအရ စောင့်ဆိုင်းစစ်ဆေးစဉ် တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော လူသုံးကုန်ပစ္စည်းများနှင့် ဖုန်းအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၄၈၇,၅၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသော HINO (၁၂)ဘီး မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၀၀,၀၀၀)နှင့် အလှကုန်နှင့် စားသောက်ကုန်ပစ္စည်း (၁၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၁၇,၅၀၀)ကို လည်းကောင်း၊ ၁၈/၂ မိုင်ခန့်တွင် သကြားလုံးဖာ (၉၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ISUZU (၆)ဘီး မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃,၈၂၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ဖေဖော်ဝါရီ ၁၀ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၊ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ရှောင်တခင်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်မျိုးစုံနှင့် Laptop (used)မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၃၂၈,၅၀၀)နှင့် အဆိုပါပစ္စည်းများ သယ်ဆောင်လာသည့် Nissan UD ၁၀ ဘီးယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၃၂၈,၅၀၀)အား ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ ဝင်ရောက်စစ်ဆေးရာ တောင်ငူခရိုင်နှင့် ပြည်ခရိုင် သစ်တောကြိုးဝိုင်းများအတွင်းမှ တရားမဝင် ကျွန်းသစ် (၆.၄၄၇၂)တန် (ခန့်မှန်းတန်ဖိုးကျပ် ၁,၉၃၄,၁၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးရာ မြင်းမူမြို့နယ်မှ လိုင်စင်မဲ့ဆိုင်ကယ် (၁)စီး၊ မုံရွာမြို့မှ လိုင်စင်မဲ့ဆိုင်ကယ် (၁)စီးနှင့် ဒီပဲယင်းမြို့မှ SURF အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် (၁)စီး စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၆၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် လှည့်လည် စစ်ဆေးစဉ် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၆၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Toyota ISIS မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၆၆၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၇ ရက်၊ ၉ ရက် နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃,၇၀၇,၃၈၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်