ကမ္ဘာတွင် ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံပေါင်း ၁၁ဝရှိကြောင်း The Economist Intelligence Unit (EIU) ၂၀၂၀ စာရင်းအရ သိရပါသည်။ ယင်းစာရင်းတွင် ဒီမိုကရေစီပြည့်ဝသောနိုင်ငံ၊ ချို့ယွင်းချက်များရှိသောနိုင်ငံနှင့် တစ်ဝက်တစ်ပျက်နိုင်ငံများလည်း ပါဝင်ပါသည်။ ယင်းစာရင်းအရ ဒီမိုကရေစီစနစ်ကို နိုင်ငံအများစုတွင် ကျင့်သုံးသည်ကို တွေ့ရပါသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် ကျင့်သုံးနေသော ဒီမိုကရေစီစနစ်သည် အုပ်ချုပ်ရေးစနစ်တစ်ရပ် ဖြစ်ပါသည်။
ဒီမိုကရေစီစနစ်သည် လူထုကိုအခြေခံခြင်း၊ လွတ်လပ်ခွင့်နှင့် တရားမျှတမှုကို ဖော်ဆောင်နိုင်ခြင်း၊ အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများရရှိစေသဖြင့် နိုင်ငံအများစုတွင် ကျင့်သုံးကြ သည်ကို တွေ့ရပါသည်။ ယင်းစနစ်သည် လူထုကိုအခြေခံသော အုပ်ချုပ်ရေးစနစ်ဖြစ်သဖြင့် ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်မှုနှင့် ပြည်သူလူထု၏ ဓလေ့များသည် ဒီမိုကရေစီစနစ်၏ အခြေခံအစိတ်အပိုင်းများ အဖြစ် တွေ့ရပါသည်။ ပြည်သူလူထုသည် မိမိတို့အပေါ် သက်ရောက်လျက်ရှိသော အုပ်ချုပ်သူအစိုးရ၏ လူထုရေးရာဆိုင်ရာကိစ္စရပ်များတွင် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ တက်ကြွစွာ ပါဝင်ဆောင်ရွက် ရာတွင် ပါဝင်သူတစ်ဦးချင်းစီ၏ ဆန္ဒနှင့် စွမ်းဆောင်ရည်များ အထူးလိုအပ်ပါသည်။ သို့မှသာ အုပ်ချုပ်ရေးစနစ်အတွင်း ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ထိထိရောက်ရောက် ပါဝင်နိုင်၍ အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်း၊ လူထုဗဟိုပြု အုပ်ချုပ်ရေးစနစ် တည်ဆောက်နိုင်ခြင်းကဲ့သို့သော အကျိုးတရားများ ရရှိလာနိုင်မည်ဖြစ်ပါသည်။
လူထုအတွင်း ထိုကဲ့သို့သော ဒီမိုကရေစီဓလေ့များ အမြစ်တွယ်ခိုင်မာလာခြင်းဖြင့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးတိုးတက်မှုရရှိလာခြင်းနှင့် အတူအေးချမ်းတည်ငြိမ်စွာ ယှဉ်တွဲနေထိုင်နိုင်မည် ဖြစ်ပါသည်။ သို့သော်လည်း ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် လိုအပ်သည့် ဒီမိုကရေစီဓလေ့များသည် အစဉ်သဖြင့် ချော့မွေ့နေသည်တော့ မဟုတ်ချေ။ ယင်းဓလေ့များ ရှင်သန်ကြီးထွားရန် အချိန်ယူရ သကဲ့သို့ ကဏ္ဍအလိုက် လေ့ကျင့်ပျိုးထောင်ကြရသည်များ ရှိကြပါသည်။ ထို့အပြင် တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ အစုအဖွဲ့လိုက်အတွက်ဖြစ်စေ ယင်းဓလေ့များ ရှင်သန်ဖွံ့ဖြိုးတိုးတက်နိုင်သည့် ဝန်းကျင်များ ဖန်တီးတည်ဆောက်ကြရပါသည်။ သို့မှသာ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများနှင့် တစ်ဦးချင်းစီ၏ ဒီမိုကရေစီအလေ့အကျင့်များနှင့် ဓလေ့များ ဟန်ချက်ညီ တိုးတက်လာမည် ဖြစ်ပါသည်။
စိတ်သဘောထားနှင့် ကျင့်ဝတ်လိုအပ်ချက်
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တွင် အင်စတီကျူးရှင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အုပ်ချုပ် မှုပုံစံစနစ် တည်ဆောက်ခြင်းနှင့်အတူ လူထုအတွင်း ဒီမိုကရေစီဝန်းကျင်များကို ဟန်ချက်ညီ တည်ဆောက်ကြရပါသည်။ အမေရိကန်တွေးခေါ်ပညာရှင် ဂျွန်ဒီဝီ (John Dewey) က ဒီမိုကရေစီသည် အစိုးရအုပ်ချုပ်မှုစနစ် ပုံစံတစ်မျိုးထက်ပိုကြောင်း ဆိုပါသည်။ ဆိုလိုသည်မှာ အစိုးရအုပ်ချုပ်မှုပုံစံ ပြောင်းလဲခြင်း နှင့်အတူ လိုက်ပါပြောင်းလဲရမည့် အကြောင်းခြင်းရာများ ရှိနေခြင်းပင်ဖြစ်ပါသည်။ ယင်းအကြောင်း ခြင်းရာများထဲတွင် ဒီမိုကရေစီစနစ်အတွင်း လွတ်လပ်မှု၊ တရားမျှတမှု၊ အေးချမ်း တည်ငြိမ်မှုများရရှိရန် တစ်ဦးချင်းစီ၏ စိတ်သဘောထားများ၊ ကျင့်ဝတ်များ လိုက်နာစောင့်ထိန်းရန် လည်း ပါဝင်ပါသည်။
ကျင့်ဝတ်များဆိုသည်ကလည်း တစ်ခါတစ်ရံ နီးလျက်နှင့် ဝေးနေတတ်ကြပါသည်။ ငယ်စဉ်ကတည်းက အလေ့အကျင့်များခဲ့သူများအဖို့ မခက်ခဲတတ်သော်လည်း အလေ့အကျင့်နည်းပါးသူများအဖို့ ခက်ခဲတတ် ကြပါသည်။ မည်သို့ဆိုစေ လူ့အသိုက်အဝန်းတွင် ကျင်လည်လှုပ်ရှားလာရသည့်အခါ လူမှုကျင့်ဝတ်များမှာ လိုအပ်ချက်တစ်ခု ဖြစ်လာပါသည်။ လူမှုကျင့်ဝတ်များသည် လူတိုင်းနေ့စဉ် တွေ့ကြုံနေကြရသည့် လူမှုဆက်ဆံရေးအကျင့်စရိုက်များ ဖြစ်ကြသည်။ လူမှုကျင့်ဝတ်များသည် လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းများက အမှားအမှန်ခွဲခြားရုံမျှမက ၎င်းတို့၏ ဆုံးဖြတ်ချက်ဆိုင်ရာ လုပ်ငန်းစဉ်အတွက် အသုံးပြုကြ သော စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေအစုအဖွဲ့များဟု ဆိုပါသည်။ ယင်းတို့သည် လုပ်ငန်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုအတွက် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများဆိုင်ရာ ယေဘုယျ အတွေးအခေါ်များကို အထောက်အပံ့ဖြစ်စေပါသည်။ ဒီမိုကရေစီစနစ်တွင်လည်း အလားတူ လိုက်နာကျင့်ကြံကြရသည့် ကျင့်ဝတ်များရှိပါသည်။
ဒီမိုကရေစီသည် တစ်ဦးချင်း လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များကို ကာကွယ်ပေးသည့်နည်းတူ ထို တစ်ဦးချင်းလွတ်လပ်ခွင့်များ၊ ရပိုင်ခွင့်များသည် အခြားသူများကို မထိခိုက်စေသည့် အပြုအမူများ ဖြစ်ကြရပါသည်။ အသိဉာဏ်အခြေခံသော အပြုအမူများဟု ဆိုနိုင်ပါသည်။ သို့ဖြစ်ရာ တစ်ဦးချင်းက လူမှုကျင့်ဝတ်များနှင့် ကိုယ်ကျင့်တရားများကို မှန်မှန်ကန်ကန် ကျင့်သုံးကြရရန် လိုအပ်မည်ဖြစ်ပါသည်။ တာဝန်ယူမှု တာဝန်ခံမှုရှိသော လုပ်ဆောင်မှုများ ဖြစ်ကြရပါသည်။ ကျန်းမာကြံ့ခိုင်သော ဒီမိုကရေစီ သည် ဒီမိုကရေစီ လူမှုဓလေ့များဖွံ့ဖြိုးတိုး တက်မှုအပေါ် များစွာတည်မီနေပါသည်။ ထိုဓလေ့များသည် အနုပညာ၊ စာပေနှင့် ဂီတကဲ့သို့သော ယဉ်ကျေးမှုများကို မဆိုလိုဘဲ လူတစ်ဦးအနေဖြင့် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းရှိသည့် အပြုအမူများ၊ အလေ့အကျင့်များနှင့် စံနှုန်းများဖြစ်ကြောင်း အမေရိကန် ပညာရေးသမိုင်းပညာရှင် ပါမောက္ခ Diane Ravitch ကဆိုပါသည်။
ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ လူမှုဓလေ့များ ဆိုသည်မှာလည်း လူတစ်ဦးချင်းစီနှင့် အစုအဖွဲ့များက လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ကြသည့် အပြုအမူများဖြင့် ပုံဖော်ထားကြသည်ဖြစ်ရာ ၎င်းနှင့်အတူ နိုင်ငံသား များက မိမိတို့၏ ကိုယ်ကျိုးစီးပွားများကို ဖော်ဆောင်ရာတွင်ဖြစ်စေ၊ မိမိတို့၏ အခွင့်အရေးများကို အသုံးချရာတွင်ဖြစ်စေ တာဝန်ယူမှုရှိခြင်းဖြင့် မိမိကိုယ်မိမိထိန်းချုပ်ကြရပါသည်။
တာဝန်သိနိုင်ငံသား
ဒီမိုကရေစီစနစ်တွင် တာဝန်သိသော နိုင်ငံသားတစ်ဦးဖြစ်ရန်အတွက် လူတန်းစားမရွေး၊ အဆင့်အတန်း မရွေး လူတိုင်းတွင် တာဝန်ရှိကြပါသည်။ သို့သော်လည်း ဒီမိုကရေစီဓလေ့အားနည်းသော ဝန်းကျင်များ တွင် ထိုတာဝန်များကို လူတိုင်းမယူ တတ်ကြချေ။ တာဝန်ယူတတ်သော နိုင်ငံသား၊ တာဝန်သိ နိုင်ငံသားဖြစ်ရန် ဆိုသည်ကလည်း မိမိတို့တာဝန်ယူရမည့်အရာများကို သိရှိနားလည်ထားပြီး လိုက်နာကြမှသာ ပိုမိုလွယ်ကူအဆင်စေပြေနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ တာဝန်ယူမှု အားနည်းလာသည်နှင့်အမျှ ဒီမိုကရေစီ အသိုက်အဝန်းအပေါ် အပျက်သဘော အကျိုးသက်ရောက်မှုများဖြစ်စေ မည်ဖြစ်ပါသည်။ လူတိုင်း ကိုယ်စီက မိမိတာဝန်ကို ယူတတ်ခြင်းဖြင့် ပျော်ရွှင်ချမ်းမြေ့၍ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
ဒီမိုကရေစီစနစ်၌ တာဝန်သိနိုင်ငံသား တစ်ယောက်ဖြစ်ရန် ကဏ္ဍများစွာ ပါဝင်ပါသည်။ ယင်းတို့အနက် တရားဥပဒေကို လေးစားလိုက်နာခြင်း၊ လူမှုကျင့်ဝတ်များနှင့် ကိုယ်ကျင့်တရားဆိုင်ရာများ ပါဝင်ပါ သည်။ တရားဥပဒေများကို လိုက်နာမှုအားနည်းပါက တာဝန်သိ နိုင်ငံသားတစ်ယောက်အဖြစ် ဥပဒေဘောင်အတွင်း အဆင်ပြေစွာ နေထိုင်နိုင်မည်မဟုတ်ချေ။ အလားတူ လူမှုကျင့်ဝတ်များ၊ ကိုယ်ကျင့်တရားများ အားနည်းပါက ဒီမိုကရေစီ စနစ်၏မျှော်မှန်းချက်များသို့ မရောက်ရှိနိုင်ဘဲ ဆန့်ကျင်ဘက် အကျိုးများကို ဖြစ်စေတတ်ပါသည်။
လူမှုကွန်ရက်၏ ဘေးထွက်ဆိုးကျိုး
ဒစ်ဂျစ်တယ်ခေတ်တွင် ဆက်သွယ်ရေးစနစ် တိုးတက်မြင့်မားလာခြင်းနှင့်အတူ တစ်ဟုန်ထိုး ထိုးဖောက် ဝင်ရောက်လာသည်မှာ လူမှုကွန်ရက် အသုံးပြုမှုမြင့်မားလာခြင်း ဖြစ်ပါသည်။ လူမှုကွန်ရက်များသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို ပိုမိုတိုးတက် ကောင်းမွန် စေပါသည်။ သို့သော်လည်း အခြားတစ်ဖက်တွင် ဖြစ်ပေါ်လာသည့် အကျိုးဆက်တစ်ခုမှာ လူထုအတွင်း ပိုမိုသွေးကွဲစေခြင်း၊ အမုန်း တရားများပြားစေခြင်းနှင့် မယုံကြည်မှုများကို ဖြစ်ပေါ်စေပါသည်။ ထိုသို့သွေးကွဲစေရာတွင် ဒစ်ဂျစ် တယ်ယဉ်ကျေးမှုအားနည်းခြင်းမှာ အချက်တစ်ချက် ဖြစ်သကဲ့သို့ လူမှုကွန် ရက်များကို မမှန်မကန် အသုံးချမှုများမှာလည်း အရင်းခံအကြောင်းတရားတစ်ခုအဖြစ် တွေ့ရပါသည်။
ထိုမှတစ်ဆင့်လူ့အဖွဲ့အစည်းအတွင်း သွေးကွဲမှုများကို ပိုမိုတွန်းအားပေးလျက်ရှိပြီး ဒီမိုကရေစီ အရည်အသွေးဆိုင်ရာ ကျင့်ဝတ်များ၊ စံနှုန်းများကို လျော့ကျစေလျက်ရှိပါသည်။ လူမှုကွန်ရက်များကြောင့် ဒီမိုကရေစီရင့်ကျက်ပြီး နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများ သက်ရောက်လျက်ရှိရာ ဒီမိုကရေစီအမြစ်တွယ်ခါစ နိုင်ငံများနှင့် လူမှုအသိုက်အဝန်းများတွင် ပိုမိုသက်ရောက်လျက်ရှိပါသည်။ Freedom House ၏ တိုင်းတာချက်အရ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီအရည်အသွေးသည် ပြီးခဲ့သည့် ၁၅ နှစ်ဆက်တိုက် ကျဆင်းနေကြောင်း ဆိုပါသည်။
သို့ဖြစ်ရာ ဒီမိုကရေစီအလေ့အကျင့်များ၊ ဓလေ့များနှင့် တန်ဖိုးများ တည်ဆောက်ဆဲနိုင်ငံများအတွက် ပိုမိုသတိပြုဖွယ်ဖြစ်ပါသည်။
ကျင့်ကြံလိုက်နာခြင်းဖြင့်
လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ဒီမိုကရေစီ ဓလေ့များ ရှင်သန်ကြီးထွားလာရန် ဆိုသည်မှာ ပဒေသာပင်ပေါက်သကဲ့သို့ အလိုလိုပြည့်စုံလာသည့် သဘောမဟုတ်ချေ။ ထို့အတူ နတ်ရေကန်အတွင်း ပစ်ချသကဲ့သို့ ချက်ချင်းလက်ငင်း ပေါ်ထွန်းလာနိုင် သည့်စနစ်လည်း မဟုတ်ပါချေ။ သက်ဆိုင်သူတစ်ဦး ချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် လိုက်နာကျင့်ကြံမှသာ ဒီမိုကရေစီ၏အနှစ်သာရများကို ခံစားရရှိမည် ဖြစ်ပါသည်။ ကိုယ်တိုင်လိုက်နာကျင့်ကြံခြင်းဖြင့် အကျိုးရရှိနိုင်ကြောင်းကို မြတ်စွာဘုရားဟောကြား တော်မူခဲ့ပါသည်။ မြတ်စွာဘုရားသည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်ဝင်အံ့သောငှာ လျောင်းစက်တော်မူရာဝယ် စကြဝဠာတိုက်တစ်သောင်းတွင် ရှိသမျှသော လူနတ်ဗြဟ္မာအပေါင်းတို့ အထူးထူးသော ပူဇော်သက္ကာဖြင့် ရှိခိုးပူဇော်လာကြကုန်သည်ကို မြင်တော်မူသောအခါ အရှင်အာနန္ဒာကို ခေါ်၍ ဤသို့မိန့်ကြားတော်မူခဲ့ပါသည်။
“ချစ်သား အာနန္ဒာ ဤလူနတ်ဗြဟ္မာအပေါင်းတို့သည် အထူးထူးသော ပူဇော်သက္ကာဖြင့် ငါဘုရား အား ဤသို့ရှိခိုးပူဇော်ရုံမျှဖြင့် ပူဇော်သည် မမည်သေး၊ မြတ်နိုးတနာပြုသည် မမည်သေး၊ လောကုတ္တရာ အားလျော်သောအမှုကို ပြုသည်မမည်သေး၊ ချစ်သားအာနန္ဒာ ငါဘုရား ပညတ်တော်မူခဲ့သော ဝါရိတ္တ သီလ၊ စာရိတ္တ သီလတို့ကို ရိုသေစွာကျင့်ဆောင်ခြင်း၊ ဓမ္မာနုဓမ္မပ္ပဋိပန္နဟု ဆိုအပ်သော လောကုတ္တရာ တရားအားလျော်သော အကျင့်တို့ကို ရိုသေစွာ ကျင့်ဆောင်ခြင်းတို့သာလျှင် ငါဘုရားကို ရိုသေမြတ်နိုး သည်မည်၏၊ ချစ်ကြည်လေးမြတ် သည်မည်၏၊ ရှိခိုးပူဇော်သည်မည်၏၊ ထို့ကြောင့် ငါဘုရားသာသနာ၌ ချမ်းသာကို အလိုရှိကုန်သော လူတို့သည် လောကုတ္တရာတရား၏ ရှေ့အဖို့ဖြစ်သောကျင့်ဝတ်ပဋိပတ်ကို ရိုသေစွာ ကျင့်သုံးရာသည်။” ဟု မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါသည်။
အလားတူပင် ဒီမိုကရေစီဆိုသည်မှာ ကိုယ်တိုင် လိုက်နာကျင့်ကြံကြမှသာ ယင်း၏အကျိုးကို ခံစား နိုင်သည့် စနစ်ဖြစ်ပါသည်။
ဉာဏ်ပညာနှင့်ယှဉ်သော
ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်းရှိ လူတိုင်းသည် ဒီမိုကရေစီ၏လွတ်လပ်ခွင့်များ၊ အခွင့်အရေးများ၊ တရားမျှတမှုများနှင့် အနှစ်သာရများကို ရယူပိုင်ဆိုင်လိုကြပါသည်။ ထိုသို့ ရယူပိုင်ဆိုင်ရန် ကြိုးပမ်း ကြရာတွင် ဉာဏ်ပညာနှင့် ယှဉ်ကြရန်လိုအပ်ပါသည်။ ဉာဏ်နှင့်ယှဉ်သော လုပ်ဆောင်မှုနှင့် ပတ်သက်၍ “ပျားရည်စုဆောင်းသော ပျားသည် ပန်း၏အရောင်နှင့်မွှေးရနံ့ကို မထိခိုက်၊ မနှောင့်ယှက်သကဲ့သို့ ဉာဏ်ပညာရှိသူသည် ထိုနည်းတူစွာလောကတွင် သွားလာလှုပ်ရှားလေ၏။” ဟု မှတ်သားဖူးပါသည်။ ဒီမိုကရေစီသည် ထိုနည်း သဘောပင်။ ။
မျိုးငြိမ်းငယ်