နေပြည်တော် ဖေဖော်ဝါရီ ၈
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေး ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေရန် အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်မှုများ၊ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများအား လုပ်ဆောင်လျက်ရှိပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ ရဟန်းသံဃာများ၊ သီလရှင်များအား သတ်ဖြတ်ခြင်းနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများအား သတ်ဖြတ်ခြင်းတို့အား စိတ်နှလုံး ညှိုးနွမ်းဖွယ်ရာ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ
ထိုသို့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကွမ်းတောကျေးရွာရှိ “မင်္ဂလာသီရိ” ဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးစန္ဒီမာ သက်တော် (၃၉)နှစ်၊ ဝါတော် (၁၉)ဝါ၊(ခမည်းတော်) ဦးရွှေဝင်းသည် ကွမ်းတော ကျေးရွာနေ ဦးဆယ်ဘော (၃၇)နှစ် (ဘ) ဦးသာဒင် မောင်းနှင်သည့် X-Trail အမျိုးအစား YGN 3J--- ခဲရောင်မော်တော်ယာဉ်ဖြင့် မြိုင်မြို့မှ ကျောင်းတိုက်သို့ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ နံနက် ၁၁ နာရီအချိန်ခန့်တွင် ငပဲ့ကျေးရွာနှင့် အလယ်ကန်ကျေးရွာကြား ပုသိမ်-မုံရွာ ကားလမ်းမကြီး မိုင်တိုင်အမှတ် ၄၀၆ မိုင်နှင့် ၄၀၆ မိုင် ၁ ဖာလုံအရောက်၌ လမ်း၏ ဝဲဘက်မှ PDF အမည်ခံအကြမ်းဖက် သမားများက လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
မိုင်းစများ ထိမှန်ပျက်စီး
ယင်းသို့ ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် ယာဉ်၏ခေါင်းခန်းဘယ်ဘက်အခြမ်းတွင် စီးနင်းလိုက်ပါ လာသည့် ဆရာတော် ဥူးစန္ဒီမာ၏ ဦးခေါင်း၊ နဖူး၊ ဘယ်ဘက်မျက်လုံးနှင့် ဝဲ၊ယာ ခြေထောက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများနှင့် ယာဉ်မောင်း ဦးဆယ်ဘော၏ နဖူးနှင့် ယာပုခုံးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး မော်တော်ယာဉ်၏ အင်ဂျင်နှင့် ဘီး ၄ ဘီးတို့ကွဲကာ ရှေ့နောက် လေကာမှန်များ ကွဲအက်၍ ယာဉ်၏ကိုယ်ထည် ဝဲဘက်အခြမ်း၌ မိုင်းစများ ထိမှန် ပျက်စီးခဲ့သည်။
ဒဏ်ရာများဖြင့် ပျံလွန်တော်မူ
အဆိုပါပေါက်ကွဲမှုဖြစ်သည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဆရာတော် ဥူးစန္ဒီမာနှင့် ဦးဆယ်ဘောတို့အား ဆေးကုသမှုခံယူနိုင်ရေး ပခုက္ကူမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေး ဆေးကုသမှုပေးနေစဉ် ဆရာတော် ဥူးစန္ဒီမာမှာ ညနေ ၃ နာရီအချိန်တွင် အခင်းဖြစ်စဉ်က ရရှိထားသော ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့သည်။
အကြမ်းဖက်သမားများ ဖော်ထုတ်
ထိုကဲ့သို့ ခရီးသွားလာနေသည့် ဆရာတော်၊ သံဃာတော်များအား ထိခိုက်သေကြေစေရန် မိုင်းဆွဲ တိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်