နေပြည်တော် ဖေဖော်ဝါရီ ၈
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
အသိပေးသတင်းထုတ်ပြန်ခဲ့
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေး ကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေး ယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း ပြုမူလုပ်ဆောင်
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်စွန်းကျေးရွာနေ နန်းနှင်းနှင်းလှိုင် (၃၀)နှစ် (ဘ) ဦးခွန်ရွှေဌေးသည် ၎င်းအသုံးပြုသည့် “Nann Hnin Hnin Hlaing” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နေ အောင်ထက်မြတ် သည် ၎င်းအသုံးပြုသည့် “Aung Htet Nway Oo” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ချမ်းမြသာစည် (တောင်) ရပ်ကွက်နေ ခင်သီတာ (၄၀) နှစ် (ဘ) ဦးဝင်းတင့်သည် ၎င်းအသုံးပြုသည့် “ခင်သီတာ” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်နေသူများဖြစ်သည့် အကောင့်ပိုင်ရှင် (စိစစ်ဆဲ) တို့ အသုံးပြုသည့် “Kyaw Thu Win” နှင့် “Lay Lay” Facebook အကောင့်များ၊ တာမွေမြို့နယ်မှ အကောင့်ပိုင်ရှင် (စိစစ်ဆဲ)တို့ အသုံးပြုသည့် “Zaw Myo Oo” ၊ “A Nyein W Yan” နှင့် “Aye Aye” Facebook အကောင့်များ၊ လှိုင်မြို့နယ်မှ အကောင့်ပိုင်ရှင် (စိစစ်ဆဲ) အသုံးပြုသည့် “Thet Ko Ko” Facebook အကောင့်နှင့် လှည်းကူးမြို့နယ် ကျွန်းကလေးကျေးရွာနေ ဝင်းမင်းနောင် (ခ) မင်းနောင်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။