နေပြည်တော် ဖေဖော်ဝါရီ ၈
၂၀၂၂ ခုနှစ် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမည်စာလုံးစာသားသရုပ်ဖော်နှင့် ဘင်ခရာအဖွဲ့တို့တွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူ ဆရာ၊ ဆရာမများသည် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်) သို့ ဖေဖော်ဝါရီ ၇ ရက်တွင် ရောက်ရှိကြပြီး ဂုဏ်ပြုအခမ်းအနားကို ပါဝင်ဆောင်ရွက်သွားကြမည် ဖြစ်သည်။
အဆိုပါ ကျောင်းသားကျောင်းသူများ စိတ်လက်အပန်းပြေစေရေးနှင့် ဗဟုသုတရစေရေးအတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ မာရဝိဇယဘူမိဖဿ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်းခွင်၊ နေပြည်တော်ဥပ္ပတသန္တိ စေတီတော်မြတ်ကြီး၊ အမျိုးသားပြတိုက်(နေပြည်တော်)နှင့် နေပြည်တော် ရေပန်းဥယျာဉ်တို့သို့ သွားရောက် လေ့လာနိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လေ့လာရေးအဖွဲ့တွင် အုပ်ထိန်းသူ ဆရာ ဆရာမများ အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂၄၀ ဦး ပါဝင်ကြောင်း သိရသည်။
(သတင်းစဉ်)