ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည်မှာ နှစ်နှစ်ကျော်ကာလ ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံရှိ ပြည်သူအများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာခဲ့သည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးစေသည်သာမက ရောဂါဖြစ်ပွားသည့် ကာလအတွင်း ပြည်သူငါးသိန်းကျော် ရောဂါကူးစက်ခံခဲ့ရပြီး ထိခိုက်သေဆုံးသူပြည်သူ နှစ်သောင်းနီးပါးရှိခဲ့ပါသည်။
ထို့ကြောင့် “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ”ဆိုသည့် မူဝါဒကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ချမှတ်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကိုရှိသည့်ခွန်အား စွမ်းပကားများနှင့် နည်းလမ်းပေါင်းစုံဖြင့် နေ့မနားညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ရင်ဆိုင်နိုင် ခဲ့ပြီး တတိယလှိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ မြန်မာနိုင်ငံတွင် အနိမ့်ဆုံးအဆင့်အနေဖြင့် စိတ်သက်သာစွာ နေရသော်လည်း ရောဂါမျိုးကွဲအန္တရာယ်ကို သတိထားဆောင်ရွက်နေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်က ကမ္ဘာတွင်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းဖြစ်သည့် ရောဂါကူးစက်မှု အမြင့်ဆုံးကာလ ဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်များတွင် တစ်ရက်လျှင် ပျမ်းမျှ ပိုးတွေ့ဦးရေ ၅၀၀၀ ကျော် (၄၁ ရာခိုင်နှုန်း)အထိ ဖြစ်ပွားခဲ့သည်။ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားသည့်ကာလတွင် နိုင်ငံရေးဝါဒမှိုင်းမိမှုကြောင့် တစ်နိုင်ငံလုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာဝန် တစ်သောင်းခွဲခန့်နှင့် ကျန်းမာရေးဝန်ထမ်း တစ်သိန်းကျော်ရှိသည့်အနက် အချို့ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများမှာ လုပ်ငန်းခွင်ကိုစွန့်ခွာသွားသည့်အတွက် ဆေးရုံ၊ ဆေးခန်းအချို့ ပိတ်ခဲ့ရပြီး ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကို ထိခိုက်စေခဲ့သည်။
အဆိုပါကာလတွင် တာဝန်သိဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် လူနာများကို မစွန့်ခွာဘဲ အခက်အခဲများကြားမှ နိုင်ငံတော်နှင့်ဆေးပညာအပေါ် သစ္စာရှိစွာဖြင့်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။ နိုင်ငံတော်အနေဖြင့်လည်း ယင်းတာဝန်သိ သစ္စာရှိသော ကျန်းမာရေးဝန်ထမ်းများအား အသိအမှတ်ပြုသောအားဖြင့် ငွေကျပ် ၁၀ ဒသမ ၉၄ ဘီလီယံ ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လိုအပ်နေသောနေရာများ၌ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားကျန်းမာရေးဝန်ထမ်းများ၊ အငြိမ်းစား တပ်မတော်ဆရာဝန်များကလည်း များစွာအကူအညီပေးခဲ့သည်။
အစိုးရသက်တမ်း တစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအစည်းအဝေး ၁၃ ကြိမ်ကျင်းပ၍ ပြည်သူ့ဆေးရုံများ၌ ဆေးဝါးလိုအပ်ချက် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ဆေးဝယ်ယူရေးအတွက် ငွေကျပ် ၃၀၀ ဘီလီယံ လျာထားပေးခဲ့သည်။ ထို့အပြင် စောင့်ကြည့်ကုသရေးဆေးရုံ၊ ဆေးခန်းတက်ရောက်သူများ ကျွေးမွေးစရိတ်၊ ကိုဗစ်- ၁၉ ရောဂါလူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်နှင့်ပတ်သက် သည့်စရိတ် စသည်ဖြင့် ကျန်းမာရေးလိုအပ်ချက်များကို ကျပ်ငွေဘီလီယံပေါင်း မြောက်မြားစွာ အသုံးပြုစေခဲ့ပါသည်။ ထိုကာလက နိုင်ငံအတွင်း ဆေးရုံ ၁၀၇၇ ရုံ၊ ဆေးပေးခန်း ၁၁၄၂၇ ခုရှိသည့်အနက် ဆေးရုံ ၇၆၅ ရုံ၊ ဆေးပေးခန်း ၇၄၃၀ ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ ဆေးရုံ၊ ဆေးပေးခန်းများအားလုံး ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးသည် အရေးပါအကျိုးရှိထိရောက်သည့် ဆေးဝါးဖြစ်၍ ရောဂါစတင်ဖြစ်ပွားသည့် ကာလတွင် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး နှစ်သန်းသာရရှိခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံ့တာဝန်ယူသည့်အခါတွင် အစမှပြန်လည်စတင် ဆောင်ရွက်ခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးရန်ပုံငွေမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး တန်ဖိုးရှိ ကာကွယ်ဆေးများ ဝယ်ယူခဲ့သည်။ တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်ငံများနှင့် နီပွန်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၇ သန်းကျော် (အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်ဖိုး)လှူဒါန်းမှုကို လက်ခံ ရရှိခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ယူခဲ့သည့် တစ်နှစ်တာကာလအတွင်း ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကို ဦးစားပေး အလေးထား၍ အောင်မြင်စွာကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း။ ။