နေပြည်တော် ဖေဖော်ဝါရီ ၄
NUG၊ CRPH နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုများအကြား အကြောက်တရားများ လွှမ်းမိုးပြီး အုပ်ချုပ်ရေးယန္တရားပျက်ယွင်း လာစေရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်း များအားလက်လုပ်မိုင်း၊ လက်လုပ်ဗုံးများ အသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရေးအတွက် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ ရုံးဌာနအဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း များကိုလုပ်ဆောင်လျက်ရှိသည်။
ထိုကဲ့သို့ အကြမ်းဖက်အဖျက်အမှောက်များ ပြုမူလုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့၊ ဇေယျာရပ်ကွက်ရှိ ဆောမြို့မရဲစခန်းအားလည်းကောင်း၊ တစ်ချိန်တည်းတွင် ဆောမြို့နယ်နှင့် ၁၂ မိုင်ခန့်အကွာ လောင်းရှည် ကျေးရွာရှိ လောင်းရှည်နယ်မြေရဲစခန်းအားလည်းကောင်း၊ PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွပ်ရွပ်ချွံချွံပြန်လည်ခုခံတိုက်ခိုက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့ များအနောက်ဘက်နှင့် တောင်ဘက်သို့ ထွက်ပြေးဆုတ်ခွာသွားခဲ့သည်။
ထိုသို့ဆုတ်ခွာထွက်ပြေးသွားခဲ့ရာ မြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ပြန်လည်ခုခံတိုက်ခိုက်မှုများကြောင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့များ လိုက်လံချေမှုန်းတိုက်ခိုက်မှု မပြုလုပ် နိုင်စေရန်အတွက် ၎င်းတို့ဆုတ်ခွာထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်၊ ဇေယျာရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ရုံး၊ သစ်ထုတ်လုပ်ရေးစခန်းရုံး၊ မြေစာရင်းဦးစီးဌာနရုံး၊ စာရင်းစစ်ဦးစီးဌာနရုံး၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနရုံး၊ မီးသတ်ဦးစီးဌာနရုံးနှင့် မီးသတ်ယာဉ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၊ စုစုပေါင်း ရုံးဌာန ၈ ခုအပြင် လူနေအိမ် ၂ လုံးတို့အား မီးရှို့ဖျက်ဆီးသွားခဲ့ရာ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရသည်။
အထက်ပါ မီးလောင်ကျွမ်းမှုများကြောင့် ကာလတန်ဖိုး သိန်း ၂၀၀၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး အဆောက်အဦများနှင့်အများ ပြည်သူနေအိမ် များအား တဖက်သက်အစွန်းရောက်ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာ မီးရှို့ဖျက်ဆီးခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။