Skip to main content

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်း၊ ရခိုင်ပြည်နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်များအားလှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေ များနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ပိုင်းတွင် စစ်တွေမြို့ လောကနန္ဒာစေတီ တော်မြတ်ကြီးအတွင်းရှိ သာသနာ့ဗိမာန် တော်ကြီး၌ ပြုလုပ်ရာ ပြည်နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မသုခဘုန်းတော် ကြီးကျောင်းတိုက်ဦးစီးပဓာန နယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသောမ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ်ဩဝါဒါစရိယ နန္ဒာရာမပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တနန္ဒသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးသံဃာတော်များ က မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ ။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထား ပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တက်ရောက်လာကြ သူများက ဓမ္မသုခ ဘုန်းတော်ကြီး ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ ကြပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်လုံးကျွတ် သံဃာတော်များအား ဆွမ်းတေကြီး လောင်းလှူပွဲကို ဆက်လက်ပြုလုပ်ရာ သံဃာတော်များက လောကနန္ဒာ စေတီတော်မြတ်ကြီး ပတ်လမ်းတစ်လျှောက် ဆွမ်းခံကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံ ပြည်သူများက ဆွမ်းဆန်စိမ်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လောင်းလှူကြသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင်လည်း သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲများ ကျင်းပပြုလုပ်ကြရာ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့ များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လောင်းလှူခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်