Skip to main content

မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ(၂၀၂၂) ဆက်လက်ကျင်းပ၊ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၂၉

စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပ သည့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ(၂၀၂၂)၏ ဒုတိယနေ့ကို ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကိုးရွာသပြေကုန်း ကျေးရွာအနီးရှိ စက်စက်ယိုကွင်း၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ကျင်းပလျက်ရှိရာ ပြပွဲသို့ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများ၊ ဒေသနေတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူပြည်သူများ၊ လေ့လာကြသူများဖြင့် စည်းကားလျက်ရှိသည်။

ပြခန်း ၁၄၅ ခန်း ခင်းကျင်းပြသ

မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကျွဲ၊ နွား ၁၄၉ ကောင်၊ သိုး၊ ဆိတ် ၁၁၃ ကောင်၊ နွားနောက် သုံးကောင် စုစုပေါင်း ၂၆၅ ကောင် ပါဝင်ပြသ ပြိုင်ထားပြီး ကောက်ရိုးများကို စနစ်တကျ စက်များဖြင့် ကောက်ရိုးထုံးများပြုလုပ်ခြင်း၊ တိရစ္ဆာန်အစာပင် ရှစ်မျိုး ပြသခြင်းနှင့် ရာသီမရွေး အစာသိုလှောင်ကျွေးနိုင်ရန် တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်း၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းဆိုင်ရာ အစားအစာနှင့် ဆေးဝါး၊ စက်ကိရိယာနှင့် တန်ဖိုးမြှင့်ထွက်ကုန်ပြခန်း ၁၄၅ ခန်းဖြင့် ခင်းကျင်းပြသထားသည်။

ပြပွဲ၊ ပြိုင်ပွဲများ၏ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင်ခဲ့ကြသည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဂုဏ်ပြုဆုများချီးမြှင့်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများ၊ ပြခန်းဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြရာ ဆုရရှိသူ မွေးမြူရေးတောင်သူများ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြခန်းတာဝန်ရှိသူများက ဆုများလက်ခံ ရယူခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် “တို့တွေ အနာဂတ်တိုးတက်ဖို့ မွေးမြူထုတ်လုပ်ကြပါစို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းသီတာမြင့်က အစီအစဉ်မှူးအဖြစ် တာဝန်ယူ၍ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများက အွန်လိုင်းစနစ်ဖြင့် တက်ရောက် လေ့လာခဲ့ကြကြောင်း၊ မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ(၂၀၂၂)၏ တတိယနေ့ကို ဇန်နဝါရီ ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်