နေပြည်တော် ဇန်နဝါရီ ၂၇
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ စီးပွားရေးရာဝန်ကြီးများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲကော်မတီ ပြန်လည်ဖွဲ့စည်းမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးသည့် အခြေအနေများ၊ ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံံပူးတွဲကော်မတီ တတိယအကြိမ် အစည်းအဝေးမတိုင်မီ နှစ်ဖက်လုပ်ငန်း အဖွဲ့အဆင့် အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပူးတွဲကော်မတီအဖွဲ့ဝင်များမှ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအောက်တွင် ဖွဲ့စည်းထားရှိသည့် လုပ်ငန်းအဖွဲ့များ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ညှိနှိုင်းပေါင်းစပ်ရန် လိုအပ်သည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရှေ့လုပ်ငန်းစဉ်များ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေး၊ Early Harvest စီမံကိန်းများကို သတ်မှတ်ထားသည့် အချိန်ကာလများအတိုင်း ဆောင်ရွက်ပြီးစီးနိုင်ရေးတို့အတွက် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်