Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၇    

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်အတွက်  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။         
ရှေးဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် တို့က လူငယ်နှင့် စာပေပွဲတော် ကျင်းပမည့် အစီအစဉ်နှင့် ပြခန်းများ ခင်းကျင်းပြသထားမှုကို ရှင်းလင်းတင်ပြကြသည်။
         
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသမည့် ပြခန်းများ၊ မြန်မာနိုင်ငံ လေကြောင်းပညာရပ်ဆိုင်ရာ ပြခန်းများကို ကြည့်ရှုစစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခင်းကျင်းပြသရန်နှင့် လုံခြုံရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ကြည့်ရှုအားပေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံသို့ ရောက်ရှိပြီး ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဗိုဗီနမ်၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ လက်ရွေးစင် အားကစားအဖွဲ့များ၏ သရုပ်ပြလေ့ကျင်နေမှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ Fitness Dance သရုပ်ပြ ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးသည်။

လာရောက်ကြည့်ရှုလေ့လာနိုင်

စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ ဗဟုသုတရရှိစေမည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် စာချုပ်စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများပြခန်း၊ စာပေတိုက်အသီးသီးက  ထုတ်ဝေထားသည့် စာအုပ်စာစောင်များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိများပြခန်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးပြခန်း၊ ရေကြောင်းပညာရပ်၊ လေကြောင်းပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာပေးပြခန်း၊ ပန်းချီ၊ အနုပညာပြခန်း စသည်ဖြင့် ပြခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသမည်ဖြစ်ကာ  မြန်မာအသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေမှု အစီအစဉ်များလည်း ပါဝင်ကြောင်းနှင့် ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ  မည်သူမဆို လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း  သိရသည်။

သတင်းစဉ်