Skip to main content

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ် စက်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၅

နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာအုပ်စု လေသာ(တောင်)ကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် လေသာ (တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များက လေသာ(တောင်)ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးတော်မူသည့် ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းတွင် ပထမထူးချွန်ဆုရ မသဲအိဖြူ ကိုလည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က သင်တန်းတွင် ဒုတိယထူးချွန်ဆုရ မမီမီအောင်ကို လည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းတွင် တတိယထူးချွန်ဆုရ မသော်တာမြတ်မွန်ကို လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြ သည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးက လက်ခံရယူကြပြီး ကျေးရွာရပ်မိရပ်ဖ ဦးမြင့်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် တာဝန်ရှိသူများက အဆင့်မြင့် အပ်ချုပ်စက်သင်တန်းတွင် သင်တန်းသူများ လက်တွေ့ချုပ်ထားသည့် အဝတ်အထည်များကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။

အဆိုပါသင်တန်းသို့ လေသာ(တောင်)ကျေးရွာမှ သင်တန်းသူ ၂၀ တက်ရောက်ပြီး အဆင့်မြင့် အပ်ချုပ်စက်သင်တန်းတွင် ရှပ်အင်္ကျီချုပ်နည်း၊ သုံးလွှာစက် ချုပ်နည်း၊ လေးလွှာစက်ချုပ်နည်း၊ ရင်ဖုံးဖြတ်ဆက်၊ နောက်တွဲ၊ လက်မောင်း၊ လုံးကွက်အင်္ကျီ သင်ကြားခြင်း၊ သင်္ဘောသားလျှာ သင်ကြားခြင်း၊ ဖောက်အိတ် ကပ် သင်ကြားခြင်းနှင့် 3 MIN 4 MIN သင်ကြားခြင်း စုစုပေါင်း ခုနစ်မျိုးကို တစ်လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်