Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရခိုင်ပြည်နယ် ‌မာန်အောင်မြို့ရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေး

မာန်အောင် ဇန်နဝါရီ ၂၅

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင်   မာန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဈေးတန်း)သို့ ရောက်ရှိပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထိုနောက် အဆိုပါကျောင်းခန်းမတွင် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ မာန်အောင်မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ကျောင်းများအလိုက် ပညာတတ်ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဆရာ ဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း သင်ကြားပေးကြစေလိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများအား စစ်တွေတက္ကသိုလ်မှ ဘာသာရပ်အလိုက် ရက်တို မွမ်းမံသင် တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြ စေလိုပါကြောင်း ပြောကြားသည်။

 ထို့နောက် တက်ရောက်လာသည့် ဆရာ ဆရာမများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြား၍ သင်ကြားသင်ယူရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ရေ၊ မီးနှင့် ကျောင်းဆောင်စသည့် လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မာန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောက်တန်းရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ သာယာကုန်းရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ဆားချက် အခြေခံပညာ အထက်တန်းကျောင်းနှင့် ပလင်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)