Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ ၂၅

ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကိုဗစ်-၁၉ ထိန်းချုပ်/ ကာကွယ် စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ငွေစာရင်းတာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း/ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် ငွေစာရင်းသွင်းရာတွင် မှန်ကန်မှုရှိစေရေး၊ ခွင့်ပြုဘဏ္ဍာငွေအတိုင်း သုံးစွဲမှုရှိစေရေး၊ အသုံးစရိတ်များ မှန်မှန်ကန်ကန်သုံးစွဲမှု ရှိစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တိကျသေချာစွာ နားလည်စေရန် ရည်ရွယ်၍  ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချခဲ့သော အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများကို မိမိတို့၏ လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချပြီး မိမိတို့၏ အရည်အသွေး/ အရည်အချင်းများကို စွမ်းရည်ပြည့်ဝအောင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း နိုင်ငံ့ဝန်ထမ်းကောင်း စိတ်ဓာတ်အပြည့်အဝဖြင့် တစ်ဦးနှင့် တစ်ဦး အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ပြီး မိမိတို့ဌာန တိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ပြီး မိမိကိုယ်ကို တန်ဖိုးရှိသောသူများဖြစ်အောင် အမြဲတမ်း ကြိုးစားသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅  ရက်အထိ သင်တန်း သား/ သူ(၂၁)ဦးကို (၁)လကြာ သင်ကြားပို့ ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ အမျိုးသား/ အမျိုးသမီး မီတာ (၁၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ (၄၀၀) ပြိုင်ပွဲ၊ အမျိုးသား မီတာ (၁ဝဝဝဝ) လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား သံပြားဝိုင်းပစ်ပြိုင်ပွဲ၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ (၁၅ဝဝ) ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများကို ဆုချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ကျင်းပရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသမည့် အားကစားလှုပ်ရှားမှုများ ပြခန်းသို့ ဆက်လက်သွားရောက်ခဲ့ရာ ပြခန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ထပ်မံပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်သည်များကို တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)