Skip to main content

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၈)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၄

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၈)နှင့် အဆင့်မြင့်အရရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၉)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည် ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက နိုင်ငံတော်အနေဖြင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီး၏ စီမံခန့်ခွဲ အုပ်ချုပ်မှုပိုင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး အတွေ့အကြုံရင့်ကျက်၍ ကိုယ်ရည်ကိုယ်သွေးမြင့်မားသည့် နိုင်ငံ့ဝန်ထမ်း အဆင့်မြင့် အရာရှိ ကြီးများကို ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုအရည်အသွေးများ ပိုမိုထက်မြက်ထူးချွန်စေရန်၊ မိမိ တာဝန်ယူရသည့် ဝန်ထမ်းအဖွဲ့ အစည်းတွင် ဦးဆောင်နိုင်မှု စွမ်းရည်တိုးတက်လာစေရန်နှင့် အနာဂတ်ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး ကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးတွင် ခေါင်းဆောင် စိတ်ဓာတ် မွေးမြူလျက်ခေါင်းဆောင် ကောင်းများဖြစ်ရန် ကြိုးပမ်းရင်း ဌာနအလိုက် လုပ်ငန်း စွမ်းဆောင်ရည်များ တိုးတက်လာပြီး နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသောမူဝါဒ၊ လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် တာဝန်ယူမှု တာဝန်ခံမှုတို့ဖြင့် ဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ယခုသင်တန်းတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိဌာန အကြီးအကဲများနှင့် ပြည်တွင်း ပညာရှင်ကြီးများက နိုင်ငံတကာ အဆင့်မီဘာသာရပ်၊ သင်ခန်းစာနှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးပို့ချမည်ဖြစ်၍ နိုင်ငံ့ ဝန်ထမ်းတစ်ဦးတွင် ပြည့်စုံရမည့် အရည်အသွေးများ မြင့်မားလာစေ ရေးအလေးထားမှတ်သားလေ့လာပြီး မိမိဌာနနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် ပြန်လည်အသုံး ချသွားနိုင်ရန် အစွမ်းကုန်လေ့လာ သင်ယူကြပြီး မိမိမှတစ်ဆင့် လက်တွဲဖော် ဝန်ထမ်းများ၏ အရည်အသွေးစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် လက်တွဲခေါ်ဆောင်နိုင်သည်အထိ ပြန်လည်မျှဝေခြင်းဖြင့် နိုင်ငံ အတွက် အားထားရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်း မှာကြားသည်။

ဝန်ထမ်းအဖွဲ့အစည်းဒုတိယ အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၈)သို့ သင်တန်းသား ၃၁ ဦး၊ သင်တန်းသူ ၁၂ ဦး စုစု ပေါင်း ၄၃ ဦး နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၉)သို့ သင်တန်းသား ၁၈ ဦး၊ သင်တန်းသူ၂၀ စုစုပေါင်း ၃၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ရှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက်ကတက္ကသိုလ်စက်ပစ်ကွင်း၌ ဖွင့်လှစ်ဆဲ စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၉၉) သင်တန်း မှသင်တန်းသား သင်တန်းသူများ ၏ အမ်အေ(၁)ချေမှုန်းရေး ရိုင်ဖယ်သေနတ် လက်တွေ့ပစ်ခတ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပစ်ခတ်စဉ်ကာလအတွင်း မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေး၊ စက်ပစ်ကွင်း စည်းကမ်းချက် များနှင့် အညီစနစ် တကျပစ်ခတ်ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အထူး ဂရုပြု ရန် မှာကြားသည်။

ထို့နောက် သေနတ်ပစ်ထူးချွန် သူ သင်တန်းသား သင်တန်းသူများကို ဆုချီးမြှင့်၍ အားပေးအမှာစကား ပြောကြားသည်။ ထို့ပြင် တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ တင်ပြရှင်းလင်းချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တက္ကသိုလ်တွင်း တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်