Skip to main content

ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီး KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များက ဂျီနီဗာကွန်ဗန်းရှင်း များနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု များ ထပ်မံကျူးလွန်

နေပြည်တော်၊ ဇန်နဝါရီ  ၂၂

ကယားပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ(၆)မိုင်ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်အဖွဲ့များ ခိုအောင်းရောက်ရှိ၍ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေမှုကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဖော်ထုတ်ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများသည် ဒေသအခေါ် ဂေါ်ရခါးကျေးရွာဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ၎င်းအပြင် ဟိုဖိတ်ကျေးရွာအတွင်း ခိုအောင်းရောက်ရှိ လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်များ အသုံးပြု၍ ဒေသအခေါ် ဂေါ်ရခါးကျေးရွာသို့ ထပ်မံအင်အားဖြည့်တင်းနိုင်ရေး လုပ်ဆောင်လာခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြု၍ ပိုင်းဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်း စိမ်ကို ပြည့်ဝစွာ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒေသအခေါ် ဂေါ်ရခါးကျေးရွာအတွင်း ခိုအောင်း ရောက်ရှိလျက် ရှိသည့် အကြမ်းဖက်အဖွဲ့များအား ဒေသခံပြည်သူလူထု၏ အိုးအိမ်အဆောက်အဦများ၊ အစိုးရရုံးအဆောက် အဦများ အတက်နိုင်ဆုံး ထိခိုက်မှုမရှိစေရေး အတွက် ပစ်ခတ်မှုကို ထိန်းချုပ်စစ်ဆင်မှုကြောင့် အကြမ်းဖက်သမား များသည် နေ့လယ်ပိုင်းတွင် ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ ဟိုဖိတ်ကျေးရွာဘက်သို့ ထပ်မံဆုတ်ခွာထွက် ပြေးသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆုတ်ခွာ ထွက်ပြေးသွား သော အကြမ်းဖက်အဖွဲ့ များ၏ နောက်သို့ ထပ်ကြပ်လိုက်လံ ချေမှုန်း တိုက်ခိုက်ခဲ့ရာ နေ့လယ်ပိုင်းတွင် ဟိုဖိတ်ကျေးရွာအတွင်း အကြမ်းဖက် သမားများ ခိုအောင်းနိုင်မှုမရှိ သည်အထိ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

(အကြမ်းဖက်အဖွဲ့များအား လိုက်လံတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များအတွင်း အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများ အတွင်းရှိ လူနေအဆောက်အဦများ၊ အစိုးရအဆောက်အဦ များနှင့်ဘာသာရေးဆိုင်ရာ အဆောက်အဦများ၌ ပစ်ကျင်း၊ ပစ်ကတုတ် အကာအကွယ် ပြုလုပ်၍ လည်းကောင်း၊ လူနေရပ်ကွက်များအတွင်း ဆက်သွယ်ရေးမြောင်းများ၊ သဲအိတ်ဘန်ကာများ၊ ကွန်ကရစ်ဘန်ကာများ၊ ပစ်ကျင်းများပြုလုပ်၍လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း တွေ့ရှိရသည်။

၎င်းအပြင် ဟိုဖိတ်ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိစဉ် အကြမ်းဖက်သမားများ၏ လူသားတံတိုင်း အဖြစ်အသုံးပြုခြင်းခံခဲ့ရသည့် လွိုင်ကော် မြို့၊ မိုင်းလုံးရပ်ကွက်မှ ဦးစိုးထွေး အသက်(၅၀)နှစ်နှင့် အမည်(စိစစ်ဆဲ) အသက်(၄၀) ခန့်အရွယ်ရှိ အမျိုးသမီး ၁ ဦးတို့ အား ထိပ်တုံးခတ်လျက်တွေ့ရှိခဲ့ရသည်။ ၎င်းတို့ အနက် အမည်(စိစစ်ဆဲ) အသက် (၄၀)ခန့်အရွယ်ရှိ အမျိုးသမီးမှာ မျက်လုံးများ ထိုးဖောက်ထားရှိသည့် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိပြီး ဦးစိုးထွေးမှာ ထိုးကြိတ်၊ ရိုက်နှက်ထားသည့် စိုးရိမ်ရဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး နယ်မြေခံတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။ စိစစ်ဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကယား ပြည်နယ်နေ့၌ လွိုင်ကော်မြို့ကို နှောက်ယှက်ပစ်ခတ် တိုက်ခိုက်ရန် အစီအစဉ်ချဆောင်ရွက်ခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူများနှင့် လုံခြုံရေးစစ်ကြောင်းများသည် ဇန်နဝါရီလ ၁၇ ရက်နေ့နေ့လယ်ပိုင်းတွင် လွိုင်ကော် မြို့၊ မိုင်းလုံးရပ်ကွက်၌ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်၌ မိုင်းလုံးရပ်ကွက်နေ ဦးစိုးထွေးအား အကြမ်းဖက် အဖွဲ့များက ဒလန်အဖြစ်စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး နေ့စဉ် ညှင်းပမ်း နှိပ်စက်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိ လာစဉ်တွင် အကြမ်းဖက် သမားများက ဖမ်းဆီးထားသူများကို လက်နက် ငယ်ဖြင့် ပစ်ခတ်၍ ဆုတ်ခွာထွက်ပြေး သွားခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ အကြမ်းဖက် အဖွဲ့က မတရားဖမ်း ဆီးထားသည့် ပြည်သူ ၅ ဦးရှိပြီး ၃ ဦးကိုမူ ဇန်နဝါရီလ ၂၁ ရက်နေ့က နေရာပြောင်းရွှေ့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်၌ အကြမ်းဖက်သောင်းကျန်းသူများဘက်မှ KNPP ယူနီဖောင်းဝတ်နှင့် အရပ်ဝတ်အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အဆိုပါ လုပ်ရပ်များသည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက် အဦ၊ ပညာရေးဆိုင်ရာ အဆောက်အဦ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အကာအကွယ်ယူ တိုက်ခိုက်ခြင်း၊ လူနေရပ် ကွက် အဆောက်အဦများ မှဒေသခံပြည်သူ များအား မောင်းထုတ်ခြင်း၊ အချို့နေရာများ၌ လူသားတံတိုင်းသဖွယ် ထားရှိပြီးနောက် ပစ်ကျင်းများ၊ ပစ်ကတုတ်များတူး၍ အကာအကွယ်ရယူပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ တိုက်ပွဲတွင် ဒေသခံပြည်သူများကို အသက်အန္တရာယ်ဇုံမှ ကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်းတို့ကို လုပ်ဆောင်၍ ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းဖြစ် သောကြောင့် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ဆက်လက်ကျူးလွန်လျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရေးအတွက် အကြမ်းဖက် အဖွဲ့များအား ဆက်လက် ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။