မော်လမြိုင် ဇန်နဝါရီ ၂၁
မွန်ပြည်နယ်မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ဆု ရရှိခဲ့သည့် အားကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က မော်လမြိုင်မြို့ဖက်တန်းရပ်၊ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် က မွန်ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်အားကစား သမားများအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်မှလည်း နိုင်ငံလက်ရွေးစင် အားကစားသမားများ၏ ဘဝအာမခံရှိရေး လုပ်ဆောင်ပေးရန်၊ ထိုက်သင့်သည့်ချီးမြှင့်ငွေများ၊ ရပိုင်ခွင့်များဖြည့်ဆည်းပေးရန် လမ်းညွှန်မှာကြားထားကြောင်း၊ ပြည်နယ်၏ အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးသည် နိုင်ငံ့လက်ရွေးစင် အားကစားသမားများသာမက နောင်လာမည့် မျိုးဆက်သစ်များအတွက်ပါ အနာဂတ်ရောင်ခြည်ထွန်းလင်းလာမည်ဖြစ်ကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်းဖြင့် နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံသည်ဂုဏ်ယူဝင့်ကြွား နိုင်မှာဖြစ်ကြောင်း၊“မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့” ဆိုသည့်မြင့်မားသည့် ရည်မှန်းချက်များချမှတ်ကာ အားကစားကဏ္ဍကို အမျိုးသားရေးအမြင်နှင့်ယှဉ်တွဲကာ မြှင့်တင်ပေးပြီး လူငယ်များ၏စိတ်ဓာတ်ရေးရာကိုလည်း ပြုပြင်ပေးခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဉပဒေချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများဖြစ်သည့် မြားပစ်၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ဗိုဗီနမ်၊ မွေထိုင်း၊ ကာယဗလ၊ ဘောလုံး၊ သေနတ်ပစ်၊ ဘော်လီဘော၊ ဘိလိယက်နှင့် စနူကာ၊ ပီတန်း၊ ဟော်ကီ၊ ပြေးခုန်ပစ်နှင့် ကမ်ဗိုကစားနည်းတို့တွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုရရှိသူ ၂၉ တို့အား ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့် ပေးသည်။
အဆိုပါဆုများချီးမြှင့်ပေးရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရွှေတံဆိပ်ဆုရှင် ၁၀ ဦးအား တစ်ဦး လျှင်ငွေကျပ် ၂၅၀၀၀၀ နှုန်း၊ ငွေတံဆိပ်ဆုရှင် ၄ဦးအား တစ်ဦးလျှင် ငွေကျပ်၂၀၀၀၀၀နှုန်း၊ ကြေးတံဆိပ်ဆုရှင် ၁၅ ဦးအား တစ်ဦးလျှင် ၁၅၀၀၀၀ စုစုပေါင်းချီးမြှင့်ငွေ ကျပ် ၅၅သိန်း ၅သောင်း ချီးမြှင့်ပေးသည်။
ထို့နောက် နိုင်ငံ့ဂုဏ်ဆောင်ဆုရရှိခဲ့သည့် အားကစားသမားတစ်ဦးက အားကစားသမားများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးသည်။
မွန်ပြည်နယ်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးကို အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ စာပေ၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍ (၃)ရပ်သည် မရှိမဖြစ်အရေး ပါသည့် အခန်းကဏ္ဍမှပါဝင်နေသကဲ့သို့ စာပေမြှင့်မှလူမျိုးတင့်မည်ဆိုသည့် စကားနှင့်အညီ အားကစားနှင့်လူငယ်ရေးရာကိုလည်း မြှင့်တင်ပေးလျက်ရှိပြီး၊ နိုင်ငံတော်မှ အားထားရသည့် အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရေး ပြည်တွင်း၊ ပြည်ပ အားကစားပြိုင်ပွဲများ စေလွှတ်ပေးခြင်းနှင့် အားကစားကွင်းနှင့် အားကစားဥယျာဉ်များ တည်ဆောက်ပေးပြီး လူငယ်နှင့် အားကစားကဏ္ဍအလိုက် အထူးအလေးပေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း