နေပြည်တော် ဇန်နဝါရီ ၁၉
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဇေယျသိဒ္ဓိဘုန်းတော် ကြီးကျောင်း၊ ချမ်းမြေ့ဂုဏ်ဝေသီလရှင်ကျောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်ရှိ ရာကျော်စိတ္တိသုခတပ်ဦးပရိယတ္တိ စာသင်တိုက်၊ မှော်ဘီမြို့နယ်၊ သန္ဓေပင် ကျေးရွာရှိ သိင်္ဂီဦးပရိယတ္တိ စာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်၊ ပုသိမ်မြို့၊ လေဆိပ်တပ်ဦးစာသင်တိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ဒိုင်ကြီးဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဓမ္မရက္ခိတ အင်းတော်ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေး အသင်းတော်များ၊ ရိုးရာ စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ပူတာအိုတပ်နယ်ရှိ ဧည့်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်