နေပြည်တော် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုထောက်ပံ့ခြင်းနှင့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး U-23 လှေလှော်အသင်း၊ U-18 ပြေး၊ ခုန်၊ ပစ်အသင်းနှင့် U-25 စက်ဘီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် အာရှနှင့်အရှေ့တောင်အာရှအဆင့်တွင် ဆုရရှိသည့် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားအားကစားသမား ၁၈ ဦးနှင့် အမျိုးသမီးအားကစားသမား ၁၂ ဦးတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် မှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် U-23 လှေလှော်အသင်း၊ U-18 ပြေး၊ ခုန်၊ ပစ်အသင်းနှင့် U-25 စက်ဘီးအသင်းတို့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရ ယူကြပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်