Skip to main content

လေ့ကျင့်ရေးနှင့် သင်ကြားရေးတွင် အရည်အသွေးပြည့်မီစွာဖြင့် အရည်အချင်းရှိသည့် ကျောင်းသား ကျောင်းသူများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ဖြိုးသန့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်း မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဌာနမှူးများနှင့် တွေ့ဆုံသည်။

ထို့နောက် တက္ကသိုလ်စာကြည့်တိုက်၊ ပြတိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ နှင့်အညီ ဖွင့်လှစ်လျက်ရှိသော ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးဘွဲ့ သင်တန်းအမှတ်စဉ် (၅) စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) သင်တန်းအတွက် စာသင်ဆောင်၊ အိပ်ဆောင်၊ စားရိပ်သာများကို ကြည့်ရှုစစ်ဆေး သည်။

ယင်းနောက် တက္ကသိုလ်ရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မှီခိုမိသားစုဝင်များ သက်သာချောင်ချိရေးနှင့် အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များ ဖူလုံစွာစားသုံးနိုင်ရေး ဆောင်ရွက် ထားသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ကို ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံကာ စားရိပ်သာများတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စားသောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အိပ်ဆောင်များ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ မတ်လအထိ) ခြောက်လဘတ်ဂျက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒီဂရီ ကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဝန်ထမ်းများ၊ A.G.T.I ဒုတိယနှစ် (ဒုတိယနှစ်ဝက်) သင်တန်းတက် ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တက္ကသိုလ်၏ ရည်မှန်းချက်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် ပညာကို ကြိုးစားသင်ယူရန်၊ ပြင်ပပယောဂများ နားမယောင်ဘဲ ပါတီနိုင်ငံရေး ကင်းရှင်းရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား ခန္ဓာကိုယ်ဖွံ့ဖြိုးရေးအတွက် အာဟာရပြည့် ဖြည့်စွက်စာများ ကျွေးမွေးလျက်ရှိပြီး အားကစားပိုင်းတွင်လည်း ထိထိရောက်ရောက် လေ့ကျင့်၍ အားကစားမြှင့်တင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ့ ငါးနှစ်သင်တန်း စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၉၉ ဦးနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) A.G.T.I ဒုတိယနှစ် (ဒုတိယနှစ်ဝက်)သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၅၅ ဦးတို့အား သတ်မှတ်ပညာသင်ကာလအတွင်း လေ့ကျင့်ရေး၊ သင်ကြားရေးပိုင်းတွင် အရည်အသွေး ပြည့်မီစွာ မွေးထုတ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်