Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထား သည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေများအတွင်း၌ စစ်သင်တန်းတက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော် ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၂/၆)ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ စိုက်ခင်း(ကျူး)ရပ်ကွက်နေ ဝေယံထွန်း(ခ)ဝင်းရိုး(ဘ) ဦးကြည်ရွှင် အပါအဝင်(၃)ဦးနှင့် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(ဃ/၇)မာဃလမ်း၊ အပိုင်း(၃)၊ (၂)ရပ်ကွက်နေ ဗိုလ်ဗိုလ်မင်း (ခ) ခေတ်ဆောင်မှူး (ဘ) ဦးခင်အေး တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ သန္တာ(၁၅)လမ်းနေ ပြည်သူတစ်ဦး၏ နေအိမ်အတွင်းသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်း တက်ရောက်ခြင်း၊ လှိုင်သာယာမြို့နယ်၊ ရာအိမ်မှူးတစ်ဦးအား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခြင်းနှင့် ဘုရားလမ်းမီးပွိုင့် အနီးရှိ ယာဉ်ထိန်းရုံးတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့ခြင်း တို့ကြောင့်လည်းကောင်း၊ စိုးသူထွန်း(ဘ) ဦးသန်းထွန်းသည်  ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)၊ ၅၀ (က)အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ၎င်းတို့အားထောင်ဒဏ်တစ်သက် ပြစ်ဒဏ်အား အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။

အလားတူ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် သူရလင်း (ခ) သူရ (ဘ) ဦးအေးရွှေနှင့် ဇော်သူရခွန်း(ခ)မိုးဇော်သန်း (ဘ) ဦးသန်းနိုင် (ပြေး) တို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့ နယ်၊ (၁၁)ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦး ကို သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ် ဖြတ်ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ၎င်းတို့ကို “သေဒဏ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများကို ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်