နေပြည်တော် ဇန်နဝါရီ ၁၃
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြား၊ မင်္လာမန္တလေး အိမ်ရာဝင်း၊ တိုက်(၃)၊ အခန်း(၃)မြေညီထပ်ရှိ ရွှေလွယ်အင်း (ငွေအပ်နှံ/ထုတ်ပေး) ကုမ္ပဏီ သို့ Mask တပ်ဆင်လျှက် လက်နက်ကိုင်ဆောင်ထားသည့် လူလေးဦးမှ ဝင်ရောက်လာကာ ဝန်ထမ်း များအား ခြိမ်းခြောက်၍ ကုမ္ပဏီရှိ ငွေကျပ် သိန်း ၃၀၀၀ ခန့်အား လုယူကာ MDY/xxxx နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်းပွားခဲ့သည်။
အထက်ပါဖြစ်စဉ်မှ လုယက်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့များက အချိန်နှင့်တစ်ပြေးညီ စုံစမ်းပိတ်ဆို့ ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ (၁၁၁)လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုး လမ်း အတွင်းရှိ ကန္တာရခြုံများကြား၌ ပြစ်မှုကျုးလွန်သူများရပ်ထားခဲ့သော MDY/9C-4145 နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်နှင့် ၎င်းယာဉ်ပေါ်၌ ကျပ်သိန်း ၃၀၀ ထည့်ထားသော ဆာလာအိတ်ဖြူ တစ်အိတ်၊ သေနတ်အတု အရှည်သုံးလက်၊ အတိုနှစ်လက်၊ ပျောက်ကြား အနက်ရောင်ကျည်ကာအင်္ကျီ ငါးထည်၊ နိုင်ငံတော်တံဆိပ်တပ်ဆင်ထားသော ဦးထုပ် လေးလုံးတို့ အား သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသော မော်တော်ယာဉ်အား စိစစ်ခဲ့ရာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး အဆိုပါယာဉ်အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ သက်ပိုင်စိုးဆိုသူ ပိုင်ဆိုင်ကြောင်း စုံစမ်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် သက်ပိုင်စိုး (၂၈) နှစ်အား ငွေကျပ် ၇၆၀ သိန်း၊ မော်တော်ယာဉ်နှစ်စီး၊ မော်တော်ဆိုင်ကယ် တစ်စီးတို့နှင့်အတူ ကျောက်ပန်းတောင်းမြို့နယ်၊ တက်မရေနံမှော်၊ လုပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။
တရားခံ သက်ပိုင်စိုး၏ ထွက်ဆိုချက်အရ “ရွှေလွယ်အင်း” ကုမ္ပဏီ(ငွေအပ်နှံ/ထုတ်ပေးဌာန) အား လုယက်မှုကို ၎င်းမှဦးဆောင်၍ သန့်ဇင်၊ မျိုးကိုကိုဝင်း(ခ) ကုလား၊ သန်းဇော်ထွန်း(ခ) လင်းလင်းကိုနှင့် ဇင်မျိုးဦး(ခ)သားကြီး တို့အပါအဝင် ငါးဦးမှ ပူးပေါင်းကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် တရားခံ များ တိမ်းရှောင်လျှက်ရှိသည့် ဒေသအသီးသီးမှ လုံခြုံရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သန့်ဇင်(၂၈)နှစ်(ဘ)ဦးခင်ဇော်အား မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်၊ ရွှေဒုံးရပ်ရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊ မျိုးကိုကိုဝင်း(ခ) ကုလား(၁၉)နှစ်(ဘ)ဦးဝင်းမြင့်အား ငွေကျပ် ၄၅ သိန်းဖြင့် ဝယ်ယူထားသော မြေကွက် ၂ ကွက်၊ ဆိုင်ကယ်တစ်စီးတို့နှင့်အတူ စစ်ကိုင်းမြို့၊ အထက်တကောင်းရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ဇန်နဝါရီလ ၁၂ ရက်တွင် သန်းဇော်ထွန်း(ခ) လင်းလင်းကို (၃၂)နှစ် (ဘ)ဦးဘိုဖြူ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ၊ ကျောင်းစုရပ်နေသူအား ငွေကျပ် သိန်း ၁၀၀ နှင့်အတူ မွန်ပြည်နယ်၊ သထုံမြို့၌လည်းကောင်း၊ ဇင်မျိုးဦး (၃၂)နှစ်(ဘ) ဦးမြင့်တင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မရမ်းခုံကျေးရွာနေသူအား ငွေကျပ် ၁၄ သိန်း၊ မော်တော်ယာဉ်တစ်စီး၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့််ကူးမြို့နယ်၊ ပျဉ်းပင်ကျေးရွာ၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ငါးဦးနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ (၁၁၁)လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုး လမ်းအတွင်း၌ ရပ်ထားခဲ့သည့် ယာဉ်ပေါ်မှ တွေ့ရှိငွေကျပ် ၃၀၀ သိန်း၊ တရားခံများ ထံမှပြန်လည်သိမ်းဆည်းရမိငွေကျပ် ၈၇၄ သိန်း၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့်ဝယ်ယူထားသည့် မော်တော်ယာဉ်သုံးစီး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၀ သိန်းခန့်၊ ဆိုင်ကယ်နှစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ခုနစ်သိန်းခန့်နှင့် ၎င်းတို့ ဝယ်ယူထားသည့် မြေနှင့် အခြားပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀ သိန်းခန့် စုစုပေါင်း ငွေကျပ် ၁၇၈၁ သိန်းခန့်အား ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရန်အတွက် သက်ပိုင်စိုး(ခ) စည်သူမှ ဦးဆောင်ကာ ဇင်မျိုးဦး(ခ)သားကြီး၊ သန်းဇော်ထွန်း(ခ) လင်းလင်းကို၊ သန့်ဇင်နှင့် မျိုးကိုကိုဝင်း(ခ)ကုလား တို့သည် စစ်ကိုင်းမြို့၊ မန္တလေးမြို့တို့၌ တွေ့ဆုံ၍ လုယက်ရာ၌ အသုံးပြုမည့် လိုင်စင်မဲ့ မော်တော်ယာဉ် ဝယ်ယူခြင်း၊ လုံခြုံရေးတပ်ဖွဲ့သုံးပစ္စည်းများနှင့် သေနတ် အတုတို့အား ဝယ်ယူခြင်း၊ လုယက်မည့် “ရွှေလွယ်အင်း” ကုမ္ပဏီအနီးနေရာ ပတ်ဝန်းကျင်အား လေ့လာစောင့်ကြည့်ခြင်းတို့ကို ကြိုတင်ပြင်ဆင်ခဲ့ပြီးမှသာ လုယက်မှုကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်ကို ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် MDY/9C 4145 ESTIMA အမျိုးအစား အဖြူရောင်ယာဉ်အား သန်းဇော်ထွန်း မောင်းနှင်၍ သက်ပိုင်စိုး(ခ)စည်သူ၊ သန့်ဇင်၊ မျိုးကိုကိုဝင်း(ခ)ကုလားနှင့် ဇင်မျိုးဦး(ခ) သားကြီးတို့ လေးဦးသည် လုံခြုံတပ်ဖွဲ့ဝင်များအသွင် ဝတ်ဆင်၍ စီးနင်းလိုက်ပါလာခဲ့ကြောင်း၊ လုယက်မည့်နေရာ ရောက်ရှိချိန်၌ သက်ပိုင်စိုး(ခ)စည်သူ၊ ဇင်မျိုးဦး(ခ)သားကြီး၊ မျိုးကိုကိုဝင်း (ခ)ကုလားနှင့် သန့်ဇင်တို့ လေးဦးသည် ကုမ္ပဏီ အတွင်းဝင်ရောက်လုယက်ခဲ့ကြပြီး ရရှိလာသည့် ငွေများအား ဆာလာအိတ်များအတွင်း ထည့်သွင်း၍ မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်ကာမောင်းနှင်ခဲ့ကြကြောင်းနှင့် ချမ်းမြသာစည်မြို့နယ်၊ (၁၁၁) လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုးလမ်းအတွင်းရှိ ကန္တာရခြုံများကြားအရောက်တွင် ကားအား ရပ်တန့်ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံများအနေဖြင့် ပြည်သူလူထု၏ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ် ခြင်းများကြောင့် ဖြစ်ပေါ်နေသော စိုးရိမ်ထိတ်လန့်မှုအပေါ် အခွင့်အရေးအဖြစ် အသုံးချကာ ၎င်းတို့၏ ကိုယ်ရေး ကိုယ်တာနှင့် ငွေကြေးလိုအပ်ချက်များအရ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ လုယက်မှု ကျူးလွန်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်အသုံးပြုသည့် ကျည်ကာအင်္ကျီ၊ ဦးထုတ်၊ နံပါတ်တုတ်၊ သေနတ်အတုနှင့် စကားပြောစက်အတုများ ကိုင်ဆောင်အသုံးပြု၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန် အသွင်ယူကာ လုယက်မှုအား ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းချိတ်ဆက် ဖော်ထုတ်မှုနှင့် ဒုစရိုက်မှုကိုမလို လားသည့် တာဝန်သိပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်မှုများကြောင့် “ရွှေလွယ်အင်း” ကုမ္ပဏီ လုယက်မှုကျူးလွန်ခဲ့သူများအား ကျူးလွန်ရာတွင်အသုံးပြုခဲ့သော သက်သေခံပစ္စည်းများ၊ ကျူးလွန်ရာမှ ရရှိသည့်ငွေကြေးများ၊ ဝယ်ယူထားသည့်ယာဉ်၊ မြေ၊ အခြား ပစ္စည်းများနှင့်အတူဖော်ထုတ် ဖမ်းဆီးရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်