Skip to main content

မြို့ပြတည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးမြောက်စေရေး ဆောင်ရွက်နိုင်ရန် ယန္တရားမောင်းအထူးမွမ်းမံသင်တန်းသားများကို ရန်ကုန်မြို့ တော်ဝန်မှာကြား

ရန်ကုန်  ဇန်နဝါရီ  ၁၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန ယန္တရားမောင်း အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲတွင် မြို့တော်ဝန်က ရန်ကုန်မြို့တွင် လူဦးရေ ခုနစ်သန်း အထက်ရှိပြီး နိုင်ငံ၏စီးပွားရေး မြို့တော်ဖြစ်သည်နှင့်အညီ အလုပ်အကိုင်အခွင့်အလမ်း များပြားပြီး လူဦးရေထူထပ်သည့် မြို့တော်ဖြစ်ကြောင်း၊ မြို့တော်အတွင်း မြို့သစ်ဧရိယာတိုးချဲ့ခြင်း၊ အစိုးရစီမံကိန်းများဖြစ်သည့် အိုးအိမ်တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရေရရှိရေးနှင့် ရေပေးဝေရေး စီမံကိန်းများ ဆောက်ရွက်ခြင်းစသည့် လုပ်ငန်းအသစ်များအပြင် မြို့ပြဖွံ့ဖြိုးမှု အင်္ဂါရပ်နှင့် ညီညွတ်ရမည့် လမ်းတံတားလုပ်ငန်းများ၊ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ၊ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းများ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းအဟောင်းများ ကိုလည်း ပြုပြင်မွမ်းမံခြင်း၊ တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေတိုလုပ်ငန်း ဆောင်တာအများအပြားကို ဆောင်ရွက်ရန်အတွက် လူအင်အားနှင့် ဆောင်ရွက်ရန်မလုံလောက်ခြင်းကြောင့် ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေပေါ် မူတည်၍ လိုအပ်သောစက်ယန္တရားမျိုးစုံကို ဝယ်ယူဖြည့်တင်းနေကြောင်း၊ သင်တန်းတက်ရောက်ကြသော ဝန်ထမ်းများသည် လက်တွေ့လုပ်ငန်းတွင် ကွင်းဆင်းဆောင်ရွက်နေသော ဝန်ထမ်းများဖြစ်ပြီး လက်ရှိကိုင်တွယ်မောင်းနှင်နေသည့် စက်ယန္တရားများကို စနစ်တကျ နားလည်တတ်ကျွမ်း ပြီးထပ်မံဝယ်ယူမည့် စက်ယန္တရားအသစ်များကိုလည်း ခေတ်မီနည်းပညာအသစ်များ ကိုင်တွယ် ထိန်းသိမ်းမှုပညာများ စနစ်တကျ နားလည်တတ်ကျွမ်းစေရန်၊ ယခုသင်တန်းတွင် သင်တန်းသားများအနေဖြင့် ယန္တရားကိုင်တွယ်ထိန်းသိမ်းမှုကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းတွင် အသုံးပြုမည့် သင်တန်းသုံးစက် ယန္တရားများကို ကြည့်ရှုစစ်ဆေးသည်။

ယခုသင်တန်းသို့ ကော်မတီအတွင်း ယန္တရား များ အသုံးပြုနေသည့် ဌာန ခြောက်ခုမှ ဝန်ထမ်းသင်တန်းသား ၃၆ ဦး တက်ရောက်ပြီး သင်တန်းကာလ တစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ယုဇနဥယျာဉ်မြို့တော်အိမ်ရာရှေ့ မြို့နယ်ခန်းမ တည်ဆောက်နေမှုကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ (၅၈)ရပ်ကွက်အား စံပြရပ်ကွက်ထားရှိနိုင်ရေးတို့ကို မြေပုံကားချပ် ဖြင့်လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အဆိုပါ ရုံးဝင်းအတွင်းရှိ ရေစုကန်နှင့် ဝန်ထမ်းလိုင်းခန်းများ  အားကြည့်ရှုစစ်ဆေး၍ ရုံးဝင်းအတွင်းနှင့်ပတ်ဝန်းကျင် မြောင်းများမှ ရေသွင်းရန်နှင့် ရုံးတွင်းရုံးပြင် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်