ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်တွင်းခရီးသွားလာမှုများ များပြားလာသည်။ ပြည်သူများမှာ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှ ခရီးသွားလာခြင်းဖြင့် အပန်းဖြေလေ့ရှိသည်။ ပြည်သူများ စိတ်နှလုံးချမ်းမြေ့လျှင် ပေါ့ပါးလန်းဆန်းကျန်းမာခြင်း သုခကိုရစေနိုင်သဖြင့် စိတ်နှလုံးချမ်းမြေ့စေသော ခရီးသွားလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းများနှင့်အညီ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
ခရီးသွားလုပ်ငန်းကို နိုင်ငံတကာ၌ အလေးထားဦးစားပေးဆောင်ရွက်လေ့ ရှိကြသည်။ ခရီးသွား လုပ်ငန်းမှအကျိုးရလဒ်များမှာလည်း များလှသည်။ ယခုကာလတွင် နိုင်ငံတကာ သဘာဝ အခြေခံခရီးသွားလုပ်ငန်း နှစ် (၂၀) ပြည့်နှင့် တိုက်ဆိုင်နေရာ အာရှဒေသသဘာဝ အခြေခံ ခရီးသွားလုပ်ငန်းကွန်ရက်မှ ကြီးမှူး၍ အခမ်းအနားများကျင်းပနေသည်ကို တွေ့ရသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများကို နိုင်ငံတကာမှ သိရှိအောင်ချပြနိုင်ခဲ့သည်။
ကမ္ဘာတစ်ခွင်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတကာခရီးသွား လုပ်ငန်းများ အခိုက်အတန့်ရပ်တန့်လျက်ရှိသည်။ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုရပ်ဆိုင်းနေသော်လည်း ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်း လျက်ရှိသဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်အသက်ဝင်လာ သည်ကိုတွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာအစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅) ကို ရေးဆွဲပြီး ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး အစီအမံများကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝအခြေခံဂေဟစနစ်များနှင့် ထူးခြားသည့် ယဉ်ကျေးမှုလက္ခဏာများ မြင့်မားသည့်နိုင်ငံဖြစ်သည်။ ဂေဟစနစ် နှင့်တိုင်းရင်းသားယဉ်ကျေးမှုများ ပေါများစုံလင်သည့်နိုင်ငံဖြစ်သည်နှင့်အညီ သဘာဝအလှအပများနှင့် ယဉ်ကျေးမှု လက္ခဏာများကို နောင်မျိုးဆက်များသို့ လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရန် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။ ယဉ်ကျေးမှုနှင့်သဘာဝအခြေခံများသည် နိုင်ငံ၏ တန်ဖိုးနှင့် ဂုဏ်ဒြပ်များဖြစ်၍ ဒေသခံပြည်သူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ မျှဝေပေးနိုင်ရေး ဆောင်ရွက်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံမြောက်ဖျားမှ အရှေ့အနောက်တောင်ဖျားအထိ စိတ်ဝင်စားစရာ သဘာဝပတ်ဝန်းကျင်များ အမြောက်အမြားရှိသည်။ မြန်မာနိုင်ငံအတွင်း ကာကွယ်ထိန်းသိမ်းထားသော သဘာဝ နယ်မြေ ၁၉ ခုနှင့် ဆင်စခန်း ၂ ခုကို သဘာဝအခြေခံ ခရီးသွားနယ်မြေများအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ခရီးသွားနယ်မြေများသို့ ပြည်တွင်းမှ ခရီးသွားများသာမက နိုင်ငံတကာခရီးသွားများပါ လာရောက်လေ့လာအပန်းဖြေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းများအပါအဝင် ခရီးသွားကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများ ဟန်ချက်ညီညီလက်တွဲ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် ခရီးသွားယဉ်ကျေးမှု၊ ကျင့်ဝတ်များနှင့် ခရီးသွားပတ်ဝန်းကျင်များ ပိုမိုကောင်းမွန်လာရန်လည်း ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် အမွေအနှစ်များ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ သာဓကအားဖြင့် မြန်မာနိုင်ငံမြောက်ဖျားမှ ဆီးနှင်းများဖုံးလွှမ်းလျက်ရှိသည့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် ဇီဝမျိုးစုံမျိုးကွဲတို့ ကျက်စားနေထိုင်ရာ ဖုန်ကန်ရာဇီဘေးမဲ့ တောဥယျာဉ်တို့သည် နိုင်ငံအတွက် တန်ဖိုးမဖြတ် နိုင်သော သဘာဝခရီးသွား နယ်မြေဖြစ်သည်။ ဧရာဝတီမြစ်ဖျားခံရာဒေသနှင့် သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းကာကွယ်ရန်၊ သဘာဝဆိုင်ရာသုတေသနလုပ်ငန်းများ အကောင်အထည် ဖော်ရန်နှင့် မှတ်တမ်းမတင်ရသေးသော ဇီဝမျိုးစုံမျိုးကွဲတို့ကို မှတ်တမ်းတင်ရန်၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အကျိုးစီးပွားကို အထောက်အကူ ပြုနိုင်ရန် စသည့်ရည်ရွယ်ချက်ကောင်းများကို အမျိုးသား ဥယျာဉ်ကြီးများက ဖော်ဆောင်နိုင်ခဲ့ သည်။
“မြန်မာနိုင်ငံသည် ကမ္ဘာ့အမွေအနှစ်နှင့် အာဆီယံအမွေအနှစ် စာရင်းဝင်နေရာများကို ပိုင်ဆိုင်ထားသည်။ ကီလိုမီတာ ၂၃၀ ရှည်လျားသော မြန်မာ့ကမ်းရိုးတန်း ဒေသများသည်လည်း သဘာဝအခြေခံခရီးသွားလုပ်ငန်းကို အထောက်အကူပြု လျက်ရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းမူ ဝါဒမြန်မာနိုင်ငံ သဘာဝနယ်မြေများအတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းမူဝါဒနှင့် အုပ်ချုပ်လုပ်ကိုင်မှု မဟာဗျူဟာ စသည့်ရေးဆွဲထားသောစီမံကိန်းများကို အောင်မြင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော်၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားကြရန် တိုက်တွန်းပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်