Skip to main content

မြိတ်မြို့၊ နောင်ချို၊ ပုသိမ်နှင့် ဟိုပုံးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် ဇန်နဝါရီ ၉

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့ ကန်ကြီးရပ်ကွက် ကမ်းနားလမ်း၌ လမ်းလျှောက်လာသူ ယဉ်ဌေး ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်လာသော ပလတ်စတစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီခွဲတွင် ရေပုန်း ရပ်ကွက် ဗန္ဓုလလမ်းရှိ ဟိုတယ် အခန်းအမှတ် (၁၀၄) သို့ဝင်ရောက် ရှာဖွေရာ သန်းထူးအောင် ကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စစ်ဆေး ပေါ်ပေါက်ချက်အရ မွန်းလွဲ ၂ နာရီတွင် မြိတ်မြို့နယ် ကလွင်ကျေးရွာရှိ ထွန်းနိုင်၏ နေအိမ်သို့ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ နှင့် ဘိန်းစာမှုန့် ၂ ဒသမ ၇၂ ကီလို စုစုပေါင်းငွေကျပ် ၅၁၀၁ ဒသမ ၃၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။

 

ဇန်နဝါရီ ၈ ရက် မွန်းတည့် ၁၂ နာရီတွင် နောင်ချိုမြို့နယ် မူဆယ်-မန္တလေးသွား ကားလမ်း မိုင်တိုင်အမှတ် (၇၉/၁) တွင် ဝေဖြိုး (ခ) ရှော်တီ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်နှင့် လှထွန်း မောင်းနှင်ပြီး ထွန်းလင်းအောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ် တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဝေဖြိုး (ခ) ရှော်တီ ၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၆,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီတွင် ပုသိမ်မြို့ အမှတ် (၆) ရပ်ကွက် အောင်ချမ်း သာ (၁) လမ်းနေ ကျော်ဇေယျာ လင်း (ခ) မောင်ကျော် (ခ) နှုတ်ခမ်းမွှေး ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာစိတ်ကြွရူးသွပ် ဆေးပြား၂၈၆၀ ကိုလည်းကောင်း။

 

ဇန်နဝါရီ ၇ ရက် ညပိုင်းတွင် ဟိုပုံးမြို့နယ် ပေါင်းလင်ကျေးရွာအုပ်စု နောင်ကော်ကျေးရွာနေ စိုင်းသန့်ဇင် (ခ) တဖစ် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၆၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

 

ရဲပြန်ကြား