ရန်ကုန် ဇန်နဝါရီ ၉
ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin တစ်သန်း လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr.MARUYAMA Ichiro နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေမှူးချုပ် ဒေါက်တာထွန်းမင်းတို့ ရှေ့မှောက်တွင် နီပွန်ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင်ဒါရိုက်တာ Mr.MORI Yuji က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်ထံ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin တစ်သန်း ကို လွှဲပြောင်းပေးအပ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ ၁၇ သန်း တန်ဘိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin Dose နှစ်သန်းကို ပေးအပ်လှူဒါန်းမည်ဖြစ်ရာ ယခုပထမအသုတ် အနေဖြင့် Doses တစ်သန်းမှာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Qatar Airways flight (QR8920) လေကြောင်း လိုင်းဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယသုတ် Doses တစ်သန်းမှာ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)