နေပြည်တော် ဇန်နဝါရီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားစေရေးရည်ရွယ်၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ခေတ်မီစံပြ ကျေးရွာ (Smart Village) များအဖြစ် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၊ ပျဉ်းမနား မြို့နယ်၊ ကျွန်းဦးကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာ (၃)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာသို့ ရောက်ရှိပြီး ဒေသခံတောင်သူများတွေ့ဆုံကာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ခေတ်မီစံပြကျေးရွာ (Smart Village) များ ဖြစ်ပေါ်စေရေးအတွက် ကျေးရွာ (၃) ရွာကို ဦးစားပေးရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ဂွေးပင်စံပြ ကျေးရွာ၏ ခေတ်မီစက်မှုလယ်ယာစနစ်နှင့် Contract Farming စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှု လယ်ယာဦးစီးဌာနမှ Focal အဖြစ် တာဝန်ယူဆောင်ရွက်ပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာရှိ တောင်သူ (၆၁) ဦးကို သမဝါယမ အသင်း ဖွဲ့စည်းပေး၍ လယ်မြေ (၁၁၄) ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ဂွေးပင်စံပြကျေးရွာ၏ စနစ်တကျ လယ်ယာမြေဖော်ထုတ်နိုင်ရေး လုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များ အား လည်းကောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက Contract Farming စနစ်ဆိုင်ရာ သွင်းအားစုများ၊ နည်းပညာများ၊ မျိုးများထောက်ပံ့ပေးခြင်း၊ သီးနှံဝယ်ယူခြင်း၊ စာချုပ် ချုပ်ဆိုခြင်းစသည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တောင်သူတစ်ဦးက လုပ်ငန်း လိုအပ်ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ယခုစံပြကျေးရွာ အကောင်အထည်ဖော်မှုကို မိမိတို့ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ အားလုံး ပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ကျေးရွာရှိ တောင်သူများမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချပေးခဲ့သော အခြေခံဆိုင်ကယ်ပြုပြင်သင်တန်း၊ အခြေခံစားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အောင်မြင်ပြီးသူများနှင့်တွေ့ဆုံ၍ တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိရေး လုပ်ငန်းများ ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းနှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်းတို့ ပူးပေါင်း ဆောင်ရွက်နေသည့် ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာစက်ရုံသို့ ရောက်ရှိပြီး တောင်သူများ အကျိုးဖြစ်ထွန်းစေမည့် မြေဩဇာသွင်းအားစုများ ထုတ်လုပ်ပံ့ပိုးပေးနိုင်ရေး စက်ရုံမှတာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆွေးနွေး ညှိနှိုင်း၍ သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ EM ဘိုကာရှီမြေဆွေး ပြုလုပ်နေမှု ၊ တီကောင်မွေးမြူရေးနှင့် တီစွန့်ပစ်မြေဩဇာ (တီကျစ်စာ) ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ထွက်ရှိလာသည့် သဘာဝမြေဩဇာ၏ အရည်အသွေးဆိုင်ရာ စံသတ်မှတ်ချက်များ စစ်ဆေးရန်၊ ထုတ်လုပ်မှု မှတ်ပုံတင်ရရှိစေရေး၊ ယခုနွေစပါးအမှီ စမ်းသပ်သုံးစွဲ နိုင်ရေး၊ ဈေးကွက်ရရှိရန် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်