ဒီမိုကရေစီနိုင်ငံတိုင်းတွင် စည်းကမ်းဥပဒေကို အလေးထားဂရုစိုက်ကြသည်။ စည်းကမ်းဥပဒေ ကို လေးစားလိုက်နာသော ဒီမိုကရေစီနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သာယာဝပြောနေသည်ကို တွေ့ရသည်။ အမှန်တွင် စည်းကမ်းသည် ဒီမိုကရေစီ နိုင်ငံမှသာမဟုတ် စည်းကမ်းဥပဒေကို လေးစားလိုက်နာသော မည်သည့်နိုင်ငံမဆို အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
စည်းကမ်းဥပဒေကို လေးစားလိုက်နာခြင်းမရှိလျှင် အကွပ်မရှိသည့်ကြမ်း ပရမ်းပတာဖြစ်သကဲ့သို့ အကျည်းတန်အရုပ်ဆိုးသော ပတ်ဝန်းကျင်ဖြစ်နေပေလိမ့်မည်။ စည်းကမ်းဥပဒေတို့ကို ပြဋ္ဌာန်းလိုက်နာစေခြင်းသည် မတော်မတရား အတင်းအကျပ် ဖိနှိပ်မှုပြုလုပ်ခြင်းမဟုတ်ပေ။ ပြဋ္ဌာန်းထားသော စည်းကမ်းဥပဒေများသည် လူ့ဘောင်လောက သာယာဝပြောပြီး စနစ်တကျရှိ စေရေးအတွက် သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ထို့ကြောင့် အဆင့်အတန်းရှိသော ဒီမိုကရေစီ နိုင်ငံဖြစ်လိုလျှင် ပြဋ္ဌာန်းထားသော စည်းကမ်းဥပဒေတို့ကို လေးစားလိုက်နာ ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုသည် အကြောင်းမဲ့ဖြစ်ပေါ် လာခြင်းမဟုတ်ပေ။ စည်းကမ်းဥပဒေတို့ကို ဖောက်ဖျက်ခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ စည်းကမ်းဥပဒေ ဖောက်ဖျက်ခြင်းကြောင့် မနှစ်မြို့ဖွယ်ရာ အခြေအနေအမျိုးမျိုးကို တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံကို ထူထောင်ရာတွင် စည်းကမ်းဥပဒေကို အလေးထားလိုက်နာရသည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အသွင်ကူးပြောင်းမှု ကာလအတွင်း ဒီမိုကရေစီခရီးလမ်း ဖြောင့်တန်းစေရန် အတွက် တပ်မတော်အနေဖြင့် ဥပဒေအရပေးအပ်ထားသော တာဝန်များကို အစိုးရနှင့် အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၁၈ ခုနှစ်မှစတင်၍ အာဏာရပါတီ၏ လုပ်ဆောင်မှုများသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ မမှန်မကန်လုပ်ဆောင်မှုများရှိလာရာ တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်တွင် စည်းကမ်း တကျရှိစေရန်နှင့် တရားမျှတမှုရှိစေရန်အကြိမ်ကြိမ် တိုက်တွန်းပြောကြားခဲ့သည်။ သို့သော် ရွေးကောက်ပွဲကျင်းပရာ၌ ကြိုတင်မဲပေးခြင်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်မညီညွတ်သည် များ ရှိခဲ့သည်ကိုသိရပြီး ရွေးကောက်ပွဲကျင်းပချိန်တွင်လည်း မဲစာရင်းအမှားအယွင်းများ ဖြစ်ပေါ်ခဲ့သည်ကို အချို့သောနိုင်ငံရေးပါတီများနှင့်လူပုဂ္ဂိုလ်များက အသိပေးခဲ့ကြသည်။ မဲစာရင်းများကို ပြန်လည်စိစစ်ခဲ့ရာ အမှားအယွင်းများရှိနေသဖြင့် အစိုးရနှင့်ရွေးကောက်ပွဲ ကော်မရှင်မှတာဝန်ရှိသူ များအားဖြေရှင်းပေးပါရန် အကြိမ်ကြိမ်ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် တာဝန်ရှိသူများနှင့် အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်း ခဲ့သော်လည်း ဖြေရှင်း ပေးခြင်းမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ရာတွင် နိုင်ငံတော်တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ဆောင်ရွက်နေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လက်တွေ့ကျသော ရည်ရွယ်ချက်များဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာ ပြီး ဒီမိုကရေစီလမ်းကြောင်းအား ဖြောင့်တန်းတည့်မတ်အောင် ဆောင်ရွက်ရာတွင် တိုင်းပြည် အကျိုးစီးပွားကို မျက်ခြည်အပြတ်မခံဘဲ ဒီမိုကရေစီနည်းလမ်းအရ ဥပဒေနှင့်အညီ ဆောင်ရွက် နေသည်ကို တွေ့ရသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုကိုအကြောင်းပြု၍ ပေါ်ပေါက်လာသည့် အကြမ်းဖက်အဖွဲ့များနှင့် အကြမ်းဖက်သမားများသည် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်စွာ ပြုလုပ်နေကြသည်။ ဥပဒေအထက်တွင် မည်သူမျှရှိ၍မရဘဲ ဒီမိုကရေစီကို မျက်ကွယ်ပြု၍ ဖျက်ဆီးသူများကို အရေးယူလျက်ရှိပြီး အကြမ်းဖက်သမားများ၊ အဖျက်သမားများအား ထိရောက်စွာတိုက်ဖျက်လျက်ရှိသည်။ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်အေးချမ်းသာယာရေး အတွက် ဥပဒေဖောက်ဖျက်မှု၊ ညီညွတ်မှုတို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင် အမုန်းတရားများ မဖြစ်ပေါ် စေရန်နှင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် နေသည်ကိုတွေ့ရသဖြင့် တရားဥပဒေကို လေးစားလိုက်နာသည်မှာ ထင်ရှားပေါ်လွင်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်။ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်နှင့်ဦးတည်ချက်ပါအတိုင်း မျက်ခြည်မပြတ် ဆောင်ရွက်နေသည်။ အားလုံးအနေဖြင့် တိုင်းပြည်ကို ငြိမ်းချမ်းစေလိုသည့်၊ ဖွံ့ဖြိုးစေလိုသည့် စိတ်ဆန္ဒရှိရန် အရေးကြီးသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ပေါများရေးသည် အဓိကကျသည့်အတွက် ငြိမ်းချမ်းမှုရရှိအောင် ဦးစွာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားထားရာ သတိတရားဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။ ။
ကြေးမုံ အယ်ဒီတာ့အာဘော်