“အဲဒီတော့ လွတ်လပ်ရေး ရပင်ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေး ဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြား လက်ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့ သိစေချင်တယ်” ဟူသော စကားစုကို မြန်မာ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည့် နောက်ဆုံးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်း ပြောကြားချက်များ အရ လွတ်လပ်ရေး၏ တာဝန်များသည် တိုင်းပြည်ကို ကာကွယ်ရန်နှင့် အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းထမ်းရွက်ရန်ဖြစ်သည်။
တိုင်းပြည်ကို ကာကွယ်နိုင်ရန်အတွက် လိုအပ်ပါက အရွယ်ရောက်သူ၊ ကျန်းမာသူမှန်သမျှ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်း၍ စစ်ထဲသို့ ထည့်တန်ထည့်ရ မည်ဖြစ်ကြောင်း၊ နှစ်နှစ်တန် သည်၊ သုံးနှစ်တန်သည် စစ်ထဲဝင်ရန်၊ စစ်ဖြစ်သည့်အခါတွင်လည်း တိုက်ချင်သည်ဖြစ်စေ၊ မတိုက်ချင်သည်ဖြစ်စေ တာဝန်အရ ဝင်ရောက်ရမည်ဖြစ်ကြောင်း၊ ယင်းသည် လွတ်လပ်ရေး ရသည့်အခါတွင် ဖြစ်ရမည့်တာဝန်ဖြစ်ကြောင်း ဗိုလ်ချုပ်က ပြောကြားခဲ့သည်။ လွတ်လပ်ရေး ရသည့်အခါတွင် အခြားနိုင်ငံများနှင့်တန်းတူညီတူ ဖြစ်စေရန် ကြိုးစားအလုပ်လုပ်ဖို့လိုကြောင်း၊ အခြားနိုင်ငံများက ခြေတစ်လှမ်းလှမ်းလျှင် မိမိတို့ကခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်း လှမ်းလိုက်နိုင်မှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် အခြားနိုင်ငံများနှင့် တန်းတူညီတူ ဖြစ်သွားမည် ဖြစ်ကြောင်းဖြင့် လွတ်လပ်ရေး၏ ဒုတိယမြောက်တာဝန်ကိုပါ ညွှန်ပြခဲ့သည်။
လွတ်လပ်ပြီးနောက် ၇၄ နှစ်ကာလသို့ ရောက်ရှိလာပြီဖြစ်သည့် မိမိတို့နိုင်ငံတွင် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို တပ်မတော်က ထမ်းဆောင်လျက်ရှိသည်။ လွတ်လပ်ရေးရပြီး မကြာမီ မှာပင် ပြည်တွင်းလက်နက်ကိုင် အုံကြွမှုများနှင့် ပြည်ပကျူးကျော်မှုတို့ ပေါ်ပေါက်ခဲ့ရာ တပ်မတော်က ရှိသည့်အင်အားဖြင့် နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရသည်။ တိုင်းပြည်ကို ကာကွယ်ခြင်းသည် လွတ်လပ် သည့် နိုင်ငံတစ်နိုင်ငံမှ နိုင်ငံသူ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။ နိုင်ငံသား တစ်ယောက် အနေဖြင့် တရားဥပဒေကို လေးစားလိုက်နာခြင်း၊ ရပ်ရွာအေး ချမ်းသာယာရေး လုပ်ငန်းစဉ်များ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့အားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင် ကြရမည်ဖြစ်ပြီး စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီးသည့် အခါတွင်မူ ဥပဒေနှင့်အညီ စစ်မှုထမ်း ကြရမည်ဖြစ်သည်။
လွတ်လပ်ရေး၏ နောက်ထပ်တာဝန်တစ်ရပ်ဖြစ်သည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတာဝန်သည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်လည်း ဆက်စပ်လျက်ရှိသည်။ နိုင်ငံအတွင်းရှိ ဒေသများတွင် တရားဥပဒေစိုးမိုးပြီး အေးချမ်းသာယာနေမှသာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင် နိုင်သည်။ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သော ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ လမ်းတံတား၊ ဓာတ်အား၊ ဆက်သွယ်ရေး စသည်တို့အပါအဝင် အခြေခံအဆောက် အအုံများ တည်ဆောက်ခြင်း၊ ဒေသနေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများထူထောင်နိုင်ရန် ပံ့ပိုးကူညီပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့အတွက် လိုအပ်ချက်တွင် ဒေသတည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့က အဓိက ဖြစ်သည်။
အထက်တွင်ဆိုခဲ့ပြီးသည့်အတိုင်း နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်တို့သည် မိမိတို့နိုင်ငံသားအားလုံး မဖြစ်မနေ ထမ်းဆောင်ကြရမည့် လွတ်လပ်ရေး၏ တာဝန်များပင်ဖြစ်သည်။ ယင်းတာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်မှု၊ အလေးအနက်မရှိ ပေါ့လျော့မှုတို့ များပြားလာသည်နှင့်အမျှ နိုင်ငံ၏ လွတ်လပ်ရေးသည် တစ်ပါးသူလက်သို့ သက်ဆင်းကျရောက်သည့်အဖြစ်ဆီသို့ ဦးတည်သွားစေမည်ဟု သတိဖြင့် ဆင်ခြင်ကာ လွတ်လပ်ရေး၏ တာဝန်များကို ကိုယ်စီကျေပွန်နိုင်ကြပါစေကြောင်း။ ။