Skip to main content

စိန်ရတုအကြို လွတ်လပ်ရေး

ကမ္ဘာသုံးပြက္ခဒိန်အရ ယနေ့သည် ၂၀၂၂ ခုနှစ်သို့ ရောက်ရှိပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်သည် ယမန်နေ့ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသည်နှင့်အမျှ အတိတ်သည်လည်း ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့မည်သာဖြစ်သည်။ ပြက္ခဒိန်ဟူသည် တစ်ဆက်တစ်စပ်တည်းသော အချိန်ကို နှစ်၊ လ၊ ရက်များအဖြစ် ပိုင်းခြား အမှတ်အသားပြုခြင်းဖြစ်ပြီး လူသားတို့၏လူရေးလူရာပြုဖွယ်ကိစ္စ အ၀၀တို့အတွက် အသုံးချခြင်းဖြစ်ရာ နှစ်ဟောင်းကုန်ခြင်း၊ နှစ်သစ် စတင်ခြင်းတို့သည် ပြက္ခဒိန်၏သဘောသာဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါး ယန္တရားကမူ ထာဝရလည်ပတ် နေမည်ဖြစ်သည်။

အနီးဆုံးအတိတ်ကာလဖြစ်သည့် ကုန်လွန်ခဲ့သည့် တစ်နှစ်တာကို ပြန်လည်ကြည့်ပါက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါလှိုင်း ပြင်းထန်စွာ ရိုက်ခက်မှုကို ကြံ့ကြံ့ခံကာ ပြန်လည်တွန်းလှန်တုံ့ပြန်ခဲ့ရသည့် မြင်ကွင်းများ၊ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ပေါ်ပေါက်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အကြမ်းဖက်သမားများ၊ လက်နက်ခဲယမ်းများကို ပမာဏကြီးမားစွာ ဖော်ထုတ်ဖမ်းဆီးမိခဲ့သည့် ပုံရိပ်များကသာ အများဆုံးလွှမ်းမိုးနေခဲ့သည်ကို သတိတရ ရှိကြမည် ဖြစ်သည်။ မြန်မာနိုင်ငံအဖို့ ယနေ့မှစ၍ ဖြတ်သန်းကြရမည့် တစ်နှစ်ကာကာလအတွင်းတွင်လည်း ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် နိုင်ငံတစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့က ပထမဦးစားပေး ဆောင်ရွက်ကြရမည့် အရေးများအဖြစ် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားခဲ့ရသည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူမတ်ကုစားပေးရေး၊ ထာဝရငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စများကို ဖြစ်နိုင်သမျှ ဆက်လက်ဆောင်ရွက်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင်ရေးတို့ကိုလည်း အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် ဝိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်သည်။

ယခုနှစ် ၂၀၂၂ ခုနှစ်၏ လွတ်လပ်ရေးနေ့သည် စိန်ရတုအကြို လွတ်လပ်ရေးနေ့ဖြစ်ရာ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဘဝသို့ ရောက်ရှိခဲ့ပြီးနောက် ဖြတ်သန်းခဲ့ရသော ၇၄ နှစ်တာ သမိုင်းတစ်လျှောက်တွင်လည်း ဂုဏ်ယူဖွယ်ရှိသည်များကို ဂုဏ်ယူ၊ သင်ခန်းစာယူဖွယ်ရှိသည်များကို သင်ခန်းစာယူ၍ နိုင်ငံ၏ ရှေ့ခရီးကို ဆက်ကြရမှာဖြစ်သည်။ သမိုင်းကို သင်ခန်းစာယူသည်ဟုဆိုရာ၌ အငြိုးအတေး၊ အာဃာတတို့ကို သင်ပုန်းချေကာ နာစရာရှိသည်တို့ကို လွမ်းစရာနှင့်ဖြေကြမှသာ အနာဂတ်လမ်းခရီးတွင် မေတ္တာပန်းရနံ့ဝေကာ ထာဝရငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဆီသို့ ဦးတည်နိုင်မှာဖြစ်သည်။ တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီညွတ်မှသာ လမ်းခရီးတစ်လျှောက်မှ အနှောင့်အယှက် အဟန့်အတားနှင့် ဆူးငြောင့်ခလုတ် ကံသင်းတို့ကို ဖယ်ရှားရှင်းလင်းနိုင်မှာ ဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် အင်အားကြီးတို့၏ အားပြိုင်မှုများကို ထင်ထင်ရှားရှား တွေ့မြင်ကြရမည်ဖြစ်သည်။ နိုင်ငံငယ်များအဖို့မှာမူ ဧရာမသင်္ဘောကြီးများ ခုတ်မောင်းသွားရာတွင် ဖြစ်ပေါ်လာသည့် လှိုင်းဂယက်များကြားမှ လှေငယ်ကလေးများသဖွယ် မတိမ်းမစောင်းအောင် ထိန်းကျောင်းနိုင်ဖို့လိုသလို လှိုင်းဒဏ်၊ ရေဒဏ်ခံနိုင်အောင် ခိုင်ခံ့နေဖို့လည်း လိုအပ်သည်။ နိုင်ငံကို တည်ဆောက်ရာတွင် လည်းကောင်း၊ ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း ပြင်းပြသော ဆန္ဒခွန်အား၊ ထက်သန်သော စိတ်ဓာတ်ခွန်အား၊ ကြီးမားသော ဝီရိယခွန်အား၊ မြင့်မားသော ဉာဏ်ပညာခွန်အားတို့ဖြင့် အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်နိုင်ကြပါစေကြောင်း။