Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်ပွဲတော်နှင့် ခရစ္စမတ်အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်   ဒီဇင်ဘာ   ၂၅

 ပြင်ဦးလွင်မြို့ “၂၀၂၁ ခုနှစ် ခရစ္စမတ်အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပြင်ဦးလွင်မြို့၊ သစ်တောသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင် တပ်နယ်မှတပ်နယ်မှူးနှင့် အရာရှိကြီးများ၊ သိက္ခာတော်ရ ဘုန်းတော်ကြီးများ၊ ဆရာတော်များ၊ သီလရှင်များ၊ ခရစ်ယာန် ဘာသာဝင်ဧည့်သည်တော်များ တက်ရောက်ကြသည်။

မိတ်ဆုံစားပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအားလုံးတို့သည် မိမိတို့ ယုံကြည်ကိုးကွယ်ဆည်းကပ်ရာ ဘာသာတရား၏ အထိမ်းအမှတ် အခါကြီးနေ့ကြီးများ၊ ပွဲလမ်းသဘင်များ၊ ယဉ်ကျေးမှုဓလေ့ ထုံးစံများ မတူညီကြသော်လည်း အချင်းချင်း တစ်ဦးပေါ်တစ်ဦး မေတ္ထာတရားထားရှိကာ ယုံကြည်မှု၊ စည်းလုံးညီညွတ် ခြင်းများဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လျက်ရှိပါကြောင်း၊ ခရစ်တော်မှ ကောင်းချီးမင်္ဂလာ အဖြာဖြာကျရောက်ပြီး ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေကြောင်း ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။

ဆက်လက်၍ သိက္ခာတော်ရဘုန်းတော်ကြီး Father L.Mar နှင့်  သိက္ခာတော်ရဘုန်းတော်ကြီး လပ်ခူဆပ်တို့က ခရစ္စမတ်ပွဲတော် ကျင်းပရခြင်း အကြောင်းရင်းနှင့် မြန်မာနိုင်ငံကြီး တည်ငြိမ်အေးချမ်းပြီး ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေ ကြောင်း ခရစ္စမတ်ဆုတောင်း ကောင်းချီးပေးပြီး ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် ဓမ္မတေးသီချင်းများ သီဆိုကျူးဧပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တက်ရောက်လာသူများကို ခရစ္စမတ်အမှတ်တရ လက်ဆောင်များ ပေးအပ်ကြကာ ခရစ္စမတ် ကိတ်မုန့်ခွဲ၍ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့၊ ခရိုင်ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည့် မန္တလေးတိုင်း ဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်ရေး လှုပ်ရှားမှုတစ်ခုအဖြစ်  “ပြင်ဦးလွင် ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ်ပွဲတော်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင် တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မင်းလတ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပါဝင်တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ကစက်ဘီးစီးခရီးစဉ်ကို သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။ စက်ဘီးစီးခရီးစဉ် လမ်းကြောင်းမှာ ခရိုင်ပြည်သူ့အားကစား ကွင်းမှ ပွဲကောက်ရေတံခွန်၊ ပွဲကောက်ရွာ၊ ဒီဇင်ဘာခြံအထိ (၉) မိုင်ခန့် ရှည်လျားပြီး ပြည်တွင်း/ ပြည်ပမှ စက်ဘီးစီးခရီးသွား (၁၅၀) ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အဖွဲ့သည် ပြင်ဦးလွင် ဘူတာသို့ သွားရောက်ကာ ပြင်ဦးလွင်မှ ဂုတ်ထိပ်တံတားသို့ ပြေးဆွဲခုတ်မောင်းမည့် မီးရထားခရီးစဉ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်ပက်ဖျန်းကာ ခရီးစဉ်တွင် လိုက်ပါစီးနင်း သူများကို အမှတ်တရလက်ဆောင်များပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်စကားများ ပြောကြားသည်။ အဆိုပါရထား ခရီးစဉ်အား ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ပုံမှန်လိုက်ပါစီးနင်းနိုင်သည့် ဝင်ဆံဦးရေ၏ ထက်ဝက်ခန့်လျော့ချထားပြီး ခရီးသွားပြည်သူ (၁၄၀) ခန့် လိုက်ပါ စီးနင်းကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ဘီးစီးခရီးစဉ်၏ တစ်ထောက် နားရပ်ဖြစ်သည့် ပွဲကောက်ရေတံခွန်သို့ သွားရောက်ကာ စက်ဘီးစီးခရီးစဉ်တွင် ပါဝင်ကြသူ များကို တွေ့ဆုံအားပေးစကားပြောကြားသည်။ ထို့နောက် ဒီဇင်ဘာခြံသို့ သွားရောက်၍ ဝင်ရောက်လာသော စက်ဘီးစီးသမားများကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကအမှတ်တရလည်ဆွဲတံဆိပ်များ ချီးမြှင့်ကြိုဆိုကြပြီး ပြင်ဦးလွင် ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ်ဖြစ်မြောက်ရေးတွင် ပူးပေါင်း ပါဝင်သူများကို ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အဖွဲ့သည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်များဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု ကြပြီး မှတ်ပုံတင်လာ ရောက်လုပ်ဆောင်သော ဒေသခံပြည်သူများကို မှတ်ပုံတင်ကတ်ပြားများ ပေးအပ်ခဲ့ကြသည်။

(သတင်းစဉ်)