Skip to main content

အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံ၏ ဂုဏ်သိက္ခာ

ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အင်အားကြီးနိုင်ငံက အခြားနိုင်ငံများကို ဝင်ရောက်သိမ်းပိုက်ကာ အင်ပါယာများ ထူထောင်ခဲ့ကြသည်။ အင်ပါယာပြည့်ရှင်နိုင်ငံက လက်အောက်ခံနိုင်ငံများထံမှ သယံဇာတ၊ စီးပွားရေးအကျိုးအမြတ်နှင့် ကြွယ်ဝချမ်းသာမှုတို့ကိုပါ ရယူခံစားကြပြီး ၎င်းတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့ကို လက်အောက်ခံနိုင်ငံများသို့ ဖြန့်ချိခဲ့ကြသည်။ လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မည့်အချိန်တွင်မူ လူမျိုးရေး၊ ဘာသာရေးတို့ကို အကြောင်းပြကာ နိုင်ငံနယ်နိမိတ်များကို ပြင်ဆင်ခြင်း၊ ခွဲစိတ်ခြင်း အပါအဝင် နည်းအမျိုးမျိုးဖြင့် အင်အား ချည့်နဲ့အောင် ပြုလုပ်ခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံရေးတွင် နိုင်ငံတိုင်းက အမျိုးသားအကျိုးစီးပွားကိုသာ ဦးတည်ဖော်ဆောင်နေကြခြင်း ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးတွင် ပြည်တွင်းအင်အားတောင့်တင်းနေပါမှ အရာဝင်သည်။ ပြည်တွင်းအင်အားဟုဆိုရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး အင်အားသုံးရပ် ခိုင်မာတောင့်တင်းနေဖို့ လိုသည်။ စည်းလုံး ညီညွတ်မှုပြိုကွဲကာ သူတစ်လူ ငါတစ်မင်းဖြစ်နေသည့် နိုင်ငံ၊ မျိုးချစ်စိတ်ကင်းမဲ့နေသည့် နိုင်ငံ၊ စီးပွားရေးချွတ်ခြုံကျကာ ဆင်းရဲမွဲတေနေသည့်နိုင်ငံ၊ ကာကွယ်ရေး အင်အားချည့်နဲ့နေသည့် နိုင်ငံများသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အရေးမပါ၊ အရာမဝင်။ အခြားနိုင်ငံများ၏ ခြယ်လှယ်မှု၊ စွက်ဖက်မှု၊ ဗိုလ်ကျစိုးမိုးမှုတို့ကို အင်အားချည့်နဲ့နေသည့် နိုင်ငံများက ခံကြရသည်။ အင်အားကြီး နိုင်ငံများ၏အမျိုးသားအကျိုးစီးပွားပြိုင်ဆိုင်မှုတွင် ပထဝီနိုင်ငံ ရေးအရ အရေးပါသော မဟာဗျူဟာ အချက်အချာကျသည့် နိုင်ငံများမှာ အစိတ်စိတ်အမြွာမြွာပြိုကွဲအောင် ဖြိုခွဲခံရမည့်အန္တရာယ် လွန်စွာကြီးမားသည်။

မိမိတို့နိုင်ငံသည် အာရှ၏ အင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့်အပြင် အင်ဒို-ပစိဖိတ်ရပ်ဝန်းတွင် အချက်အချာကျနေခြင်း၊ လူဦးရေပေါက်ကွဲမှုကြောင့် နယ်မြေ လိုအပ်နေသည့် နိုင်ငံမျိုးနှင့် နယ်နိမိတ်ထိစပ်နေခြင်း စသည်တို့ က နိုင်ငံ၏ကံကြမ္မာကို ဖန်တီးနေသည့် အချက်များပင်ဖြစ်သည်။ ယင်းသို့သော အခြေအနေတွင် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုက လွန်စွာအရေးပါသည်။ တစ်နည်းအားဖြင့် စည်းလုံးညီညွတ် ခြင်းသည် နိုင်ငံ၏အသက်ပင်ဖြစ်ပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံတစ်ခု၏ ဂုဏ်သိက္ခာလည်း ဖြစ်သည်။ ယနေ့ မိမိတို့နိုင်ငံအတွင်း နိုင်ငံရေးအာဏာကို အကြောင်းပြု၍ ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များက နိုင်ငံကို ကျရှုံးနေသည့် နိုင်ငံဘဝသို့ မရောက်ရောက်အောင် တွန်းပို့နေခြင်းဖြစ်သည်။ နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်ရန် ဆင်ခြင်တုံတရားကင်းမဲ့စွာ ဖိတ်ခေါ်နေကြပြီး စကြာဝတေးမင်း မျှော်သလို မျှော်နေကြသည်ကိုလည်း တွေ့ရသည်။

ဒီမိုကရေစီအကြောင်းပြ၍ ပြည်ပမှ ဝင်ရောက် စွက်ဖက်မှုကြောင့် ကောင်းသွားသည့် နိုင်ငံဟူ၍မရှိဘဲထောင်းထောင်းကြေ ကာ ပြာကျသွားသည့်နိုင်ငံ၊ နိုင်ငံပြင်ပသို့ ထွက်ပြေး၊ နိုင်ငံအတွင်း မှာပင် ပတ်ပြေးနှင့် ဒုက္ခသံသရာရှည်နေသည့် နိုင်ငံများကိုသာ မျက်မှောက်ခေတ် ကမ္ဘာ့မြင်ကွင်းမှာ တွေ့မြင်ရမည်ဖြစ်သည်။ စွက်ဖက်လိုသည့် နိုင်ငံအတွင်း စစ်မီးမွှေးရန်အတွက်သာ ဒေါ်လာ သန်းပေါင်း ထောင်နှင့်ချီ၍ အကုန်အကျခံကြမည်ဖြစ်ပြီး ထိုနိုင်ငံ၏ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ခြူးတစ်ပြားမျှပင် မကျသည်တို့ကိုလည်း ပြည်ပမျှော်သူတို့ လေ့လာကြဖို့လိုသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ (၇၄) နှစ်ပြည့်မြောက်ရန် ရက်ပိုင်းမျှသာ လိုတော့သည်။ နိုင်ငံ၏ လွတ်လပ်ရေးဟူသည် ထာဝစဉ်တည်တံ့ရမည့် အရာဖြစ်ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပခုံးပြောင်းထမ်းရွက်ကြရခြင်း လည်းဖြစ်သည်။ ကမ္ဘာ့မြေပုံပေါ်မှ မြန်မာနိုင်ငံ ပျောက်ကွယ် မသွားရေး၊ ၁၃၅ မျိုးသော တိုင်းရင်းသားအပေါင်းတို့ တစ်ပါးသူ လက်အောက်ခံ နိုင်ငံသားဘ၀ မကျရောက်စေရေးတို့အတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် လွတ်လပ်ရေးကို ကာကွယ် ထိန်းသိမ်းကြရပါမည်ဖြစ်ကြောင်း။ ။