Skip to main content

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၈) ပြန်တမ်းဝင်အရာရှိခန့်အပ်

နေပြည်တော် ဒီဇင်ဘာ ၂၂

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊ မြဝတီခန်းမ၌ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းမင်းစိုးနှင့် ကျောင်းဆင်း ဗိုလ်လောင်းများ တက်ရောက်ကြသည်။

အခမ်းအနား အစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော် အရာရှိကြီးများနှင့် ကျောင်းအုပ်ကြီးတို့သည် စင်မြင့်တွင်နေရာယူကြသည်။ ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင် ခန့်အပ်လွှာများ ပေးအပ်ပြီးနောက် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားတွင် ကျောင်းဆင်းဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းများအား ဒုတိယဗိုလ်အဆင့်ဖြင့် ရာထူးခန့်အပ်ပေးခြင်းဖြစ်သည်။ ဘွဲ့ရ အမျိုးသမီးအရာရှိဗိုလ်လောင်းသင်တန်းအား တပ်မတော်အတွက် အရည်အချင်းပြည့်ဝသည့် ဦးစီးအရာရှိများ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ)၌ ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခုအခါဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းအမှတ်စဉ်(၈)အထိ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် သင်တန်းဆင်း အမျိုးသမီးအရာရှိများအနေဖြင့် သက်ဆိုင်ရာ (ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့များတွင် အသီးသီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်